Homeမြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကောလာဟလများ မရေးကြရန် မကွေးဆေးရုံအုပ်ကြီး မေတ္တာရပ်ခံ
ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကောလာဟလများ မရေးကြရန် မကွေးဆေးရုံအုပ်ကြီး မေတ္တာရပ်ခံ
DVB
·
February 10, 2020
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ပြည်သူတွေထိတ်လန့်စေမဲ့ ကောလာဟလများ လူမူကွန်ရက်မှာ မရေးသားကြဖို့ မကွေးတိုင်းဆေးရုံအုပ်ကြီးက မေတ္တာရပ်ခံလိုက်ပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှာ ဖော်ဖော်ဝါရီ ၈ ရက်နေ့က တောင်တွင်းကြီးမြို့နယ်မှ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့် အခြေအနေလူနာတဦး တက်ရောက်ခဲ့ပြီး ၉ ရက်နေ့မှာ ဆုံးပါးသွားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ကြတာကြောင့် ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက အခုလို မေတ္တာရပ်ခံလိုက်တာပါ။
“ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ကြပါတယ်၊ သေဆုံးသွားသူမှာ စောင့်ကြည့်လူနာမဟုတ်ဘဲ အခြားရောဂါနဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းမှာ မကွေးတိုင်းပြည်သူ့ ဆေးရုံကို ရောက်ရှိလာတဲ့ အခြားရောဂါနဲ့လူနာဖြစ်ပါတယ်။ အဲ့ဒီအတွက် အများပြည်သူ လူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာနက တရားဝင်ထုတ်ပြန်ချက်တွေကိုသာ ယုံကြည်ဖို့နဲ့ အထိတ်တလန့်ဖြစ်စေမဲ့ ကောလာဟလတွေကို မရေးသားကြဖို့ မေတ္တာရပ်ခံတယ်။”
မကွေးတိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအဖြစ် ပေါက်မြို့နယ်ဆေးရုံမှာ တယောက်နဲေ မကွေးမြို့တိုင်း ပြည်သူ့ဆေးရုံမှာ တယောက် စုစုပေါင်းနှစ်ယောက်သာရှိပြီး သံသယလူနာမရှိဘူးလို့ ဆိုပါတယ်။
တိုင်းဆေးရုံမှာ ကုသပေးနေတဲ့ စောင့်ကြည့်လူနာရဲ့ အခြေအနေမှာလည်း အဖျားပုံမှန်သာရှိတော့ပြီး သက်သာနေပြီလို့ ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
လူမှုကွန်ရက်မှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွေနဲ့ပတ်သက်ပြီး ကောလာဟလ တွေကို ဒီထက်ပိုမိုဆိုးရွားစွာရေးသားပါက တိုင်းအစိုးရအဖွဲ့အနေနဲ့ ရေးသားသူတွေကို အရေးယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနေ့ညနေပိုင်းအထိ ကမ္ဘာတဝန်း သေဆုံးသူ ၉၁၀ နဲ့ ကူးစက်ခံရသူ ၄ သောင်းကျော်ရှိပြီလို့ သိရပါတယ်။
တင်ရွှေ(မင်းဘူး)