မင်းပြားမြို့ ရာမောင်မြစ်အတွင်း လူသေအလောင်းတွေ့ရှိ
ဝဏ္ဏခွာညို
·
February 3, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ရာမောင်မြစ်အတွင်းက မျောပါလာတယ်လို့ ယူဆရတဲ့ ပုပ်ပွအလောင်းတလောင်းကို တွေ့ရှိရတယ်လို့ မင်းပြားမြို့ ပြည်တော်လှရပ်ကွက် ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက် မနက် ၇ နာရီဝန်းကျင်လောက်က ပြည်တော်လှရပ်ကွက် မြစ်ကမ်းနားရှိ ရွှေပြည်တန်သင်္ဘောဆိပ်ကမ်းအနီးမှာ ပုပ်ပွနေတဲ့အမျိုးသား အလောင်းတလောင်းကို တွေ့ရှိခဲ့တယ်လို့ မင်းပြားမြို့ နာရေးကူညီမှုဖောင်းဒေရှင်းက ပြောပါတယ်။
မင်းပြားမြို့ နာရေးကူညီမှုဖောင်းဒေရှင်း ဒုဥက္ကဋ္ဌ ပြည်တော်လှအုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက “ရုပ်အခြေအနေကတော့ ပုပ်ပွပြီးတော့ ကားနေပြီ၊ ၃ ရက်၊ ၄ ရက်လောက်ရှိမယ့် အခြေအနေပါ။ လွယ်အိတ် အသေးတလုံးလွဲပြီးတော့ ပါလာတယ်။ ရုပ်က သိပ်မှန်းမရတော့ဘူး။ မျောလာတဲ့အလောင်းက ဘယ်သူဘယ်ကလဲ ဆိုတာ မသိနိုင်ပေမယ့်အသက် ၃၀ ကျော်လောက်ရှိမယ်လို့ ခန့်မှန်းရကြောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း စစ်ဆေးချက်တွေ ယူသွားတယ်”လို့ ဆိုပါတယ်။
မျောပါလာတဲ့ အဲ့ဒီအလောင်းကိုတော့ သက်ဆိုင်ရာရဲစခန်းက တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ရဲတပ်ဖွဲတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ရောက်ရှိလာပြီးနောက် မင်းပြားမြို့ ပြည်သူဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်လိုက်ပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ မင်းပြားမြို့ ရဲတပ်ဖွဲ့နဲ့ မင်းပြားအုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။