ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပညာပေးဟောပြောပွဲ လွိုင်ကော်တွင်ကျင်းပ
နော်နိုရင်း
·
February 3, 2020
ကလေးငယ်တွေကို ဝမ်းပျက်ဝမ်းလျှော အပြင်းအထန်ဖြစ်စေတတ်တဲ့ ရိုတာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးတာနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပေးဟောပြောပွဲကို ဒီကနေ့ ကယားပြည်နယ် လွို်ငကော်မြို့မှာ ကျင်းပပါတယ်။
အသက် ၂ လနဲ့ ၄ လ အရွယ်ကလေးတွေကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးခြင်း ၊ အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်တွေကို ဆုံဆို့ ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) စတုတ္ထအကြိမ် ထိုးနှံပေးခြင်းနဲ့ ကိုရိုနာရောဂါပိုးကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ အသိပညာပေးဆွေးနွေးပွဲကို ဒီကနေ့ လွိုင်ကော်မြို့ရှိ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှာ ကျင်းပတာပါ။
အသက် ၅ နှစ်အောက်ကလေးငယ်တွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ အဓိကကြောင်းအရင်းကတော့ ရိုတာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်ဖြစ်ပြီး တနှစ်အောက်ကလေးငယ်တွေမှာ ဖြစ်ပွားပါက ပြင်းထန်ပြီး အသက်သေဆုံးတတ်ပါတယ်။
ဒါကြောင့် ဒီကနေ့မှာ အသက် ၂ လနဲ့ ၄ လအရွယ်ကလေးငယ်တွေကို ကာကွယ်ဆေး စတင်ထည့်သွင်းတိုက်ကျွေးတာ ဖြစ်ပါတယ်။
၂၀၂၀ ဖေဖော်ဝါရီက စတင်တဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်မှာ အသက် ၂ လနဲ့ ၄ လ အရွယ်ကလေးငယ်တွေကို ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး (Rotarix) ထည်သွင်းတိုက်ကျွေးမှာလည်း ဖြစ်ပါတယ်။