အိမ်လာရောင်းတဲ့ ထီသည်ဆီကနေ ထိုးလိုက်တာ ပေါက်တာ - သိန်း ၁ သောင်းခွဲကံထူးရှင်
DVB
·
February 1, 2020
၁၂ ကြိမ်မြောက် အောင်ဘာလေ သိန်းတစ်သောင်းခွဲဆုကို ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဆင်နှစ်ကောင်ကျေးရွာက ကိုဇော်မင်းထွန်းနဲ့ ဆရာမ ဒေါ်ခိုင်ခိုင်ဝင်းတို့ ဇနီးမောင်နှံက ကံထူးခဲ့ပါတယ်။
သိန်းတစ်သောင်းခွဲဆု ဠ ၈၅၇၅၂၀ နံပါတ်နဲ့ ကံထူးခဲ့တာဖြစ်ပြီး ထီထိုးတိုင်း ၁ လုံးမှ မတူလို့ ၈ လလောက် မထိုးဘဲနေခဲ့ပြီး အိမ်လာရောင်းတာနဲ့ ထီ ၃ စောင်တွဲ ၃ တွဲကို ပြန်ထိုးခဲ့ချိန်မှာ သိန်း ၁ သောင်းခွဲဆုကို ကံထူးခဲ့တာလို့ ကိုဇော်မင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။
"ထီက ထိုးတိုင်း တွက်တောင်မရဘူး၊ တလုံးမှကို မတူတာ၊ အဲ့တော့ မထိုးဖြစ်ခဲ့တာ ၈ လ လောက်တောင်ကြာသွားပြီ၊ အိမ်လာရောင်းတဲ့ ထီသည်ဆီကနေ ထိုးလိုက်တာ ပေါက်တာပါ။ ထီပေါက်တဲ့ ငွေတွေကို ပရဟိတ လုပ်ငန်းတွေမှာ လှူသွားမယ်၊ လက်ရှိဆောက်နေတဲ့ ရွာက ဘုန်းကြီးကျောင်းကိုလည်း ပြီးအောင်လှူပေးသွားမယ်၊ အရေးပေါ်လူနာတင်ယာဉ်လည်း လှူပေးသွားမယ်၊ တခြားလိုအပ်တဲ့နေရာတွေမှာလည်း လှူသွားမှာပါ" ဟု သိန်းတစ်သောင်းခွဲဆုရှင် ကိုဇော်မင်းထွန်းက ပြောပါတယ်။
“သူတို့က လတိုင်း ထိုးပါတယ်၊ သူတို့ထီပေါက်တာ ကျနော်လည်း ဝမ်းသာပါတယ်၊ ထီပေါက်တဲ့မိသားစုက ပညာရေးမိသားစုအသိုင်းအဝိုင်းက ဆိုတော့ ပိုပျော်မိပါတယ်” လို့ ထီဆိုင်ပိုင်ရှင် ဦးစိုးသန်းက ဒီဗွီဘီကိုပြောပါတယ်။
သိန်းတစ်သောင်းခွဲဆုရှင် ကိုဇော်မင်းထွန်းရဲ့ ဇနီးဖြစ်သူ မခိုင်ခိုင်ဝင်းဟာ မူလတန်းပြ ဆရာမတဦးဖြစ်ပြီး သားတယောက်နဲ့ သမီးတယောက်ရှိကာ စုစုပေါင်း မိသားစုဝင် လေးယောက်ရှိတယ်လို့ သိရပါတယ်။
မင်းထက်မုန်း(ပုသိမ်)