အိုင်စီဂျေနှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောကြားချက်
DVB
·
January 23, 2020
“အိုင်စီဂျေက STATE အပေါ်တရားစွဲတာဖြစ်တယ်။ ဒီအိုင်စီဂျေနဲ့ ပတ်သက်ပြီးတော့ မည်သည့်ဆုံးဖြတ်ချက်မျိုး ထွက်လာသည်ဖြစ်စေ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ နိုင်ငံတော်အစိုးရကလည်း ဒါနဲ့ပတ်သက်လို့ ပြောပြီးဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရအနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တရားရုံးမှာသွား ရောက်ပြီးတော့မှ ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်။ ကျနော်တို့ အကောင်းဆုံးပဲ မျှော်လင့်တယ်။ဘာကြောင့်လဲဆို ဒီမှာပြောတဲ့ဟာတွေ လျှောက်လဲခဲ့တဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ဟိုဘက်ကလည်း သူ့ အသိုင်းအဝိုင်းနဲ့သူ အကောင်းဆုံး ဆုံးဖြတ်မှာပေါ့လေ၊ အကောင်းမြင်မှာပေါ့။ ကျနော်တို့ဘက်ကလည်း အကောင်းဆုံးပူးပေါင်းပြီး ဆောင်ရွက်နိုင်တယ်လို့ မြင်တယ်။ သို့သော် ဘယ်လိုပဲ ပြောပြော အကောင်းဆုံး မျှော်လင့်တယ်။ အဆိုးဆုံးအတွက်လည်း အတူတူ ပူးပေါင်းပြီး စည်းလုံးညီညွတ်မှုနဲ့ဆောင်ရွက်သွားမယ်ဆိုရင် ကျော်လွှားနိုင်မယ်လို့ ပြောပါတယ်။ ကျနော်တို့နိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံ တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံသည် ပြည်သူတွေ လိုလားတောင်းတတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုသွားနေတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေတဲ့ နိုင်ငံ တနိုင်ငံဖြစ်တယ်။ ဒါကြောင့်မို့ စည်းလုံးညီညွတ်မှုနဲ့ ဆောင်ရွက်သွားမယ်ဆိုရင် ဘာမှ မဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ ဘာမှရင်မဆိုင်နိုင်စရာ အကြောင်း မရှိဘူးလို့ ပြောချင်တယ်။”
“သီးခြားပြင်ဆင်ထားတာ မရှိပါဘူး။တပ်မတော်သည် နိုင်ငံတော်ရဲ့ အစိတ်အပိုင်း၊ ပြည်သူလူထုရဲ့အစိတ်အပိုင်း၊ ဒါအစိုးရရဲ့ အစိတ် အပိုင်း ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့သည် ညွှန်ကြားချက်အတိုင်းဆောင်ရွက်ဖို့လိုမယ်၊ ညွှန်ကြားချက်နဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်၊ ဒါသည် တပ်မတော်၊ ပြည်သူ၊ အစိုးရ အားလုံးစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်။”