ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း ၂ ခုတင်သွင်းရန် လက်မှတ်များစတင်ကောက်ခံ
DVB
·
January 23, 2020
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်း ၂ ခုကို လွှတ်တော်ထံ တင်သွင်းနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်မှတ်တွေကို ၄၅ ဦး ပူးပေါင်းကော်မတီကနေ စတင်ကောက်ခံ စုစည်းနေပြီဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လက်မှတ်ကောက်ခံမှုကို ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ ၂ မှာ ပြုလုပ်ခဲ့တာပါ။
၄၅ ဦး ပူးပေါင်းကော်မတီကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆(က) နဲ့ (ခ) ကို ပြင်ဆင်ဖို့အတွက် ဥပဒေကြမ်း ၂ ခု ပေါ်ထွက်လာခဲ့ပြီး လွှတ်တော်ကိုတင်သွင်းနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းထောက်ခံဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ထောက်ခံလက်မှတ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပါတီဝင်ကိုယ်စားလှယ်အ အားလုံး ပါဝင်လက်မှတ်ထိုးကြသလို တိုင်းရင်းသားပါတီ နှစ်ခုဖြစ်တဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ တအောင်း(ပလောင်)အမျိုးသားပါတီက ကိုယ်စားလှယ်တွေလည်း ပါဝင်လက်မှတ်ရေးထိုး ကြပါတယ်။
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် ပူကျင်းခန်လျန် က "ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ထဲက ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက်ရည်ရွယ်ပြီး ရွေးကောက်ပွဲဝင်ခဲ့တယ်။ ဒါ့ကြောင့် အခုလည်း ပါဝင်လက်မှတ်ရေးထိုးတာဖြစ်တယ်” လို့ ပြောပါတယ်။
၄၅ ဦး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတွေကို နောက်ပိုင်းမှာ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေက ခွင့်ယူခဲ့ပေမယ့် ထောက်ခံလက်မှတ်စုစည်းရာမှာတော့ ပါတီအချို့ ပါဝင်လာခဲ့တာပါ။
“ကျနော်တို့ကလည်း ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် လွှတ်တော်ထဲကို ရောက်လာခဲ့တာ ဖြစ်တယ်။ အခုလက်ရှိကတော့ ပြင်ဆင်နိုင်ဖို့အောင် ကြိုးစားနေတဲ့ အဆင့်ပေါ့။ ဒီအတိုင်းအတာ အထိတော့ အားရကျေနပ်ပါတယ် “ လို့ တအောင်း(ပလောင်)အမျိုးသားပါတီက ဦးမိုင်းအုံးခိုင်က ပြောပါတယ်။
ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆(က)နဲ့ (ခ) ကို ပြင်ဆင်မယ့် ဥပဒေကြမ်း ၂ ခုအတွက် ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းရဲ့ လက်မှတ်တွေကို စုစည်းပြီးပါက ဥပဒေကြမ်း ၂ ခုကို လက်မှတ်တွေနဲ့အတူ လွှတ်တော်ကို တင်သွင်းမှာဖြစ်ပြီး လာမယ့် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေအတွင်း ပြင်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)