Home
ဆောင်းပါး
မြန်မာ့ရိုးရာလက်မှု မြေအိုးလုပ်ငန်း ပျောက်ကွယ်သွားတော့မလား (သတင်းဆောင်းပါး)
DVB
·
January 16, 2020
Pot6
Pot1
Pot7
Pot5
Pot2
မကွေးတိုင်းဒေသကြီး  မင်းဘူးမြို့နယ် ရွာသာယာကျေးရွာမှာ မြေအိုးထုတ်လုပ်ငန်း လုပ်ကိုင်လာတာဟာ နှစ်ပေါင်း ၁၀၀ ကျော်ရှိခဲ့ပါပြီ။ ဒါပေမယ့် လက်ရှိမှာတော့ မြေအိုးတွေ ထုတ်လုပ်ဖို့ လုပ်သားရှားမှုနဲ့ လူငယ်တွေက အိုးထုတ်လုပ်တဲ့ပညာကို စိတ်ဝင်စားမှုနည်းပါးတာကြောင့် အိုးထုတ်လုပ်မှု လျှော့ကျလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွာသာရွာကျေးရွာမှာတော့ အိမ်ခြေ ၆၃၀ ကျော်နဲ့ လူဦးရေ ၃၀၀၀ကျော် နေထိုင်ကြပြီး တစ်ရွာလုံးလိုလို မြေအိုးထုတ်လုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်လို မကွေးတိုင်းရဲ့ မြေအိုးအများဆုံး ထုတ်လုပ်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ ရွာသာရွာကျေးရွာက ထုတ်လုပ်တဲ့မြေအိုးတွေကို ရေသရာအိုးလို့ လူသိများပြီး ခိုင်မာတဲ့ စျေးကွက်တခုလည်း ရရှိထားတယ်လို့လည်းသိရပါတယ်။ ဒီရွာအနေနဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက ဘိုးဘွားစဉ်ဆက်အိုးလုပ်ငန်းကို လက်ဆင့်ကမ်း လုပ်ကိုင်လာရာကနေ လုပ်သားရှားပါးမှုနဲ့ မျိုးဆက်သစ်လူငယ်တွေက အိုးထုတ်လုပ်တဲ့ပညာကို စိတ်ဝင်စားမှုသိပ်မရှိတော့တာကြောင့် အိုးထုတ်လုပ်မှု ကျဆင်းလာတယ်လို့ ဒေသခံအိုးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ ရွာခံအိုးကုန်သည် တဦးဖြစ်တဲ့ ဒေါ်တင်ဌေးရီက “ရွာမှာ မြေအိုးထုတ်လုပ်မှုကို လူကြီးပိုင်းတွေကသာ အဓိက လုပ်ကိုင်နေကြပြီး ထုတ်လုပ်နိုင်မှုနည်းသွားတယ်”လို့  စိတ်ပျက် လက်ပျက် ပြောပြပါတယ်။ ရွာသာရွာရဲ့ မြေအိုးထုတ်လုပ်ငန်းကနေ  အိုးနှုတ်၊ ဆလယ်ဝင်၊ ညောင်ရေအိုး၊ ရေနွေးကရား၊ သောက်ရေအိုး၊  ကျောင်းသားထမ်းအိုး၊ ရွက်အိုး၊ ရေခပ်အိုး၊ ဖောင်းကန်အိုး၊ ဖျင်းအိုး၊ အင်တုံ၊ စုဘူးအိုး၊ ဆီမီးခွက်၊ မုန့်ပျားသလက်အိုး စတဲ့အမျိုးအစား  ၁၀ မျိုး ကျော်ထုတ်လုပ်နေတာပါ။ မြေအိုး တလုံးဖြစ်လာဖို့အတွက်ကိုတော့ အဆင့် ငါး ဆင့်လုပ်ဆောင်ရတယ်လို့ ရွာခံ အိုးထွင်းပညာရှင် မအေးအေးအောင်က  ရှင်းပြပါတယ်။ လက်ရှိမှာတော့ ရွာမှာ လုပ်သားအခက်အခဲ​နဲ့ ထုတ်လုပ်မှု စရိတ်မြင့်တက်နေလို့  ဈေးကွက်မှာ ဝယ်လိုအားများတဲ့ အိုးအမျိုးအစားတွေကိုသာ အဓိကထုတ်လုပ်တော့တယ်လို့ သိရပါတယ်။ မကွေးတိုင်းအတွင်းမှာ အိုးလုပ်ငန်းကို မကွေးမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ၊ တောင်တွင်းကြီး မြို့နယ်၊ ကုက္ကိုကွကျေးရွာ၊ စလင်းမြို့နယ်နဲ့ မင်းဘူးမြို့နယ် ရွာသာရွာကျေးရွာတို့လည်း အဓိက လုပ်ကိုင်ကြပါတယ်။ အိုးလုပ်ငန်း လုပ်ကိုင်သူတွေအနေနဲ့ တနှစ်တာကာလမှာ အခုလိုဆောင်းရာသီက လုပ်ငန်း လုပ်လို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ သိရပါတယ်။ “ပြာသိုလမှာထုတ်လုပ်တဲ့အိုးကို လူကြိုက်များပါတယ်။ ရွာသာရွာကထုတ်လုပ်တဲ့အိုးတွေကို မကွေးတိုင်းရဲ့နေရာအတော်များများကို တင်ပို့ကြတယ်” လို့ အိုးကုန်သည် ဒေါ်တင်ဌေးရီက ပြောပါတယ်။ မြန်မာ့ရိုးရာလက်မှုပညာတခုဖြစ်တဲ့ ရွာသာရွာက မြေအိုးထုတ်လုပ်ငန်းဟာ လက်ရှိ အချိန်မှာပျောက်ကွယ်သွားမယ့်အနေအထားမျိုးတွေမရှိသေးပါဘူး။ ဒါပေမယ့် မျိုးဆက်သစ်လူငယ်တွေရဲ့ စိတ်ဝင်တစား အမွေဆက်ခံလုပ်ကိုင်လိုမှုမ ရှိတော့ရင် ဒါမှမဟုတ် အစိုးရရဲ့ ပံ့ပိုးကူညီမှုမရတော့ရင်တော့  ရေရှည်တည်တံ့နိုင်ဖို့ အခက်အခဲရှိပြီး များ မကြာခင် ကာလမှာ ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေရှိနေပါတယ်။ တင်ရွှေ(မင်းဘူး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024