အလုပ်ရှင်နှင့် သဘောတူညီချက်ရပြီးနောက် ကန်ကြီးထောင့်အလုပ်သမားသပိတ် ရပ်နား
DVB
·
January 14, 2020
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်ရှိ ဟွာမှုန်အထည်ချုပ်စက်ရုံက အလုပ်သမားသပိတ်ဟာ တလကျော်ကြာလာပြီး ၃၆ ရက် ပြည့်မြောက်တဲ့နေ့မှာ အလုပ်ရှင်နဲ့ အလုပ်သမား တွေ့ဆုံပြီး တောင်းဆိုချက်တွေကို သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။
ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ဇန်နဝါရီ ၁၃ ရက်က အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ အလုပ်ရှင်နဲ့ သပိတ်မှောက်အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး သဘောတူညီမှုရရှိခဲ့တာပါ။
တိုင်းအစိုးရရဲ့ အစီအမံနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျေနပ်လို့ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ကန်ကြီးထောင့်ဟွာမှုန်အထည်ချုပ်စက်ရုံ သပိတ်မှောက်အလုပ်သမားတွေရဲ့ ကိုယ်စားလှယ် ဒေါ်ခခ က ဒီဗွီဘီကို ပြောပါတယ်။
တောင်းဆိုချက်တွေ သဘောတူညီမှုရရှိပြီး စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ညတွင်းခြင်း သပိတ်စခန်းကိုပြန်ပြီး ကျန်ခဲ့တဲ့ သပိတ်မှောက်အလုပ်သမားတွေကို ကောင်းမွန်တဲ့ရလဒ်တွေကို သိရှိအောင်ပြောပြကာ သပိတ်စခန်းကိုဖျက်သိမ်းခဲ့ပြီး ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ အလုပ်သမားတွေက အလုပ်ပြန်ဝင်မှာဖြစ်တယ်လို့ သပိတ်မှောက် အလုပ်သမားတွေက ထံက သိရပါတယ်။
ခုလိုသဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာရပါတယ်လို့ တိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူအစွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါက်တာစိုးဝင်းက မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
သဘောတူညီမှုစာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် မီဒီယာတွေက ကန်ကြီးထောင့်ဟွာမှုန် အထည်ချုပ် စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသူ အမျိုးသမီးကို တွေ့ဆုံမေးမြန်းခွင့် တောင်းဆိုခဲ့ပေမယ့် ဖြေဆိုနိုင်မှာမဟုတ်ဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
ကန်ကြီးထောင့်ဟွာမှုန်အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ ဒီဇင်ဘာ ၉ ရက်နေ့က တည်းက အလုပ်သမားရပိုင်ခွင့်တွေအတွက် သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာဖြစ်ပြီး ဧရာဝတီတိုင်းမှာ ရက်အရှည်ကြာဆုံး အလုပ်သမားသပိတ် ဖြစ်လာခဲ့ပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)