ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းဖွင့်ပွဲ ကျင်းပ
ဆုဆုသွယ်
·
January 10, 2020
ဂျပန်နဲ့မြန်မာ နှစ်နိုင်ငံအစိုးရ ပူးပေါင်းတည်ထောင်တဲ့ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းဖွင့်ပွဲနဲ့ ပန္နတင်မင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ နည်းပညာနဲ့ သက်မွေးပညာကဏ္ဍ တိုးတက်ကောင်းမွန်လာဖို့အတွက် ဂျပန်နိုင်ငံအစိုးရရဲ့ ပံပိုးကူညီမှုနဲ့ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းကိုတော့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာရပ်နဲ့ စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ်နည်းပညာရပ် စတဲ့ ဘာသာရပ် ၂ ခုကို သင်ကြားပေးနေတာဖြစ်ပါတယ်။
ဒီသင်တန်းကျောင်းမှာတော့ ဘာသာရပ်တခုစီအတွက် သင်တန်းသား အယောက် ၂၀ ခေါ်ယူ ထားတာဖြစ်ပြီး ဒီနှစ်မှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား /ကျောင်းသူ အယောက် ၄၀ ရှိပါတယ်။
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်းကို တက်ရောက်ခွင့်ရရှိတဲ့ ကျောင်းသားတွေဟာ စာသင်နှစ် ၃ နှစ် တက်ရောက်သင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာအောင်လက်မှတ် ရရှိမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းမှာ ကျောင်းဆောင် ၃ ဆောင်သာ ရှိသေးတဲ့အတွက် စာသင်ဆောင်တွေနဲ့ ကျောင်းသားတွေ နေထိုင်မယ့် လူနေဆောင်တွေကို ထပ်မံဆောက်လုပ်ဖို့အတွက် ဒီကနေ့မှာ ပန္နက်တင်ခဲ့တာဖြစ်ပါတယ်။
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်းဖွင့်ပွဲနဲ့ ပန္နက်တင်အခမ်းအနား ကိုတော့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ ဂျပန်လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။