ရွှေစက်တော်ဘုရား လုံခြုံရေးအတွက် CCTV ၅၀ ကျော်နှင့် လုံခြုံရေးဝန်ထမ်း ၃၀ ထားမည်
DVB
·
January 8, 2020
ရွှေစက်တော်ဘုရားပွဲတော်နဲ့ ဘုရားလုံခြုံရေးအတွက် အခုနှစ်ကစပြီး CCTV ကင်မရာအလုံး ၅၀ ကျော်နဲ့ ဘုရားလုံခြုံရေး ဝန်ထမ်း ၃၀ ကို ခန့်သွားမယ်လို့ ရွှေစက်တော်ဘုရားဂေါပကအဖွဲ့က ပြောပါတယ်။
ပွဲတော်ရာသီမှာ အဓိကဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် အစိုးရအဖွဲ့၊ ဘုရားဂေါပကအဖွဲ့တွေက ရည်ရွယ်ပြီး၊ ပြုလုပ်တာဖြစ်ပါတယ်။ ဒါကြောင့် ၂၄ နာရီလုံး ပတ်လုံး ဘုရား ရင်ပြင်နဲ့ ပွဲတော်ကိုစောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။
နှစ်စဉ် ရဲတပ်ဖွဲ့အင်အား ၁၂၀၊ မီးသတ် ၆၀ ကြက်ခြေနီ ၁၅ ယောက်တို့က ဘုရားကြီးနဲ့ ပွဲတော်လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေပြီး အခုနှစ်အတွက် ခန့်အပ်မယ့် ဘုရားလုံခြုံရေး ၃၀ အတွက် ဘုရားဘဏ္ဍာငွေထဲကနေ လစာပေးသွားမယ်လို့ ဆိုပါတယ်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်နေ့ကနေ နှစ်ဆန်း ၁ ရက်နေ့အထိ ၃ လလောက် ကျင်းပသွားမှာဖြစ်ပြီး ဖွင့်ပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။