Homeမြန်မာသတင်း
သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ အချက် ၈ ချက်သဘောတူ၊ ၂၁ ရာစုပင်လုံ ၄ လပိုင်းတွင် ပြုလုပ်မည်
သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲ အချက် ၈ ချက်သဘောတူ၊ ၂၁ ရာစုပင်လုံ ၄ လပိုင်းတွင် ပြုလုပ်မည်
DVB
·
January 8, 2020
အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ ထိပ်သီးအစည်းအဝေး ကနေ သဘောတူညီချက် ၈ ချက် ရရှိခဲ့ပြီး ၂၁ ရာစုပင်လုံကို ၂၀၂၀ ပထမလေးလပိုင်းအတွင်း ကျင်းပဖို့ သဘောတူညီချက်လည်း ပါဝင်ပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၈ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောခဲ့တာပါ။
"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်နှစ်ဆန်းပိုင်းရဲ့ ပထမ လေးလပိုင်းအတွင်းလုပ်ဖို့ သဘောတူပါတယ်။"
NCA အခန်း ၃၊ ၄၊ ၆ တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်သွားမယ့်အပေါ် သဘောတူတယ်။ ပြည်ထောင်စုသဘောတူစာချုပ် ၃ မှာ ချုပ်ဆိုမယ့်စာချုပ်ပုံစံကို သဘောတူတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ တတိယအကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးတဲ့နောက် နှစ်ဘက်အကြား ဆွေးနွေးပွဲတွေ ၁၅ လကြာ ရပ်ဆိုင်းခဲ့ပါတယ်။
အခုတခါ စတုတ္ထအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြန်လည်ကျင်းပပြုလုပ်ဖို့ သဘောတူခဲ့ကြပြီး ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း ၃ ချုပ်ဆိုဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
၈ ကြိမ်မြောက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) ကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့၊ တပ်မတော်နဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။