မွန်ညီညွတ်ရေးပါတီ မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းတို့တွင် ဝင်ပြိုင်မည်
DVB
·
January 7, 2020
မွန်ညီညွတ်ရေးပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ က ပြောပါတယ်။
မွန်ညီညွှတ်ရေးပါတီဟာ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနဲ့ မွန်ပါတီ ထူထောင်လိုသူ အစုအဖွဲ့ သုံးစု ပေါင်းစည်းထားတဲ့ ပါတီတခု ဖြစ်ပါတယ်။
လက်ရှိမှာတော့ မွန်ညီညွှတ်ရေးပါတီဟာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ တရပ်ကို ရေးဆွဲထားပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို စတင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်း သတ်မှတ်ချက်တွေကိုလည်း ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ထည့်သွင်းရေးထားပြီး မကြာမီ ထုတ်ပြန်ပေးသွားမယ်လို့ နိုင်လယိတမ က ပြောပါတယ်။
ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှာ ပါတီဗဟိုက တိုက်ရိုက်ရွေးချယ်မှာ မဟုတ်ဘဲ မြို့နယ်တွေကပဲ ရွေးချယ်တဲ့ စနစ်ကို ကျင့်သုံးသွားမယ်လို့ မွန်ညီညွှတ်ရေးပါတီ တွဲဘက် အတွင်းရေးမှူး ၂ နိုင်စံတင်က ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီအနေနဲ့ အစုအဖွဲ့ သုံးစု ပေါင်းစည်းထားတဲ့ ပါတီဖြစ်တာနဲ့အညီ ကိုယ်စားလှယ်လောင်းတွေကိုလည်း ဒီအစုအဖွဲ့သုံးစုကနေ မျှမျှတတ ရွေးချယ်သွားဖို့ မူဝါဒ ချမှတ်ထားတယ်လို့ ဆိုပါတယ်။
မွန်လူငယ်တွေအနေနဲ့ ရွေးကောက်ပွဲမှာ မွန်ညီညွတ်ရေးပါတီကိုသာ မဲထည့်ကြဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပတဲ့ မွန်လူငယ်နေ့ အခမ်းအနားမှာ တိုက်တွန်းထားပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ ပါတီပေါင်းစည်းပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရရှိထားတာပါ။