AA ခေါင်းဆောင်၏ ညီမနှင့်ယောက်ဖကို ရုံးထုတ်
ချမ်းမြေ့မောင်
·
January 7, 2020
ရက္ခိုင့်တပ်မတော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမနဲ့ ယောက်ဖဖြစ်သူကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ဇန်နဝါရီ ၇ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။
ရုံးချိန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမနဲ့ ယောက်ဖဘက်က လိုက်ပါဆောင်ရွက်ဖို့ ရှေ့နေကိုယ်စားလှယ်လွှဲစာကို ရှေ့နေ ၃ ဦးက အနောက်ပိုင်းခရိုင်တရားရုံးမှာ တင်သွင်းခဲ့တာပါ။
ရုံးချိန်းကို နောက်အပတ် ၁၅ ရက်နေ့ပြန်လည်ချိန်းဆိုခဲ့ပြီး အဲဒီနေ့မှာ ဒီအမှုကို အချိန်ဘယ်လောက်နဲ့ အပြီးစစ်ဆေးမယ်ဆိုတဲ့ မှုခင်းစီမံခန့်ခွဲမှု (CMP) ပြုလုပ်မယ်လို့ အနောက်ပိုင်း ခရိုင်တရားရုံးက ပြန်ကြားရေးအရာရှိကပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ညီမဖြစ်သူ မယမင်းမြတ် (ခေါ်) မိုးပွင့်ဖြူနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ တရားစွဲဆိုထားတာပါ။
ဒီပုဒ်မဟာ ပြစ်မှုထင်ရှားရင်တော့ အနည်းဆုံးထောင်ဒဏ် ၃ နှစ်ကနေ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။