အန်အယ်လ်ဒီ ဗဟိုတိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်း
DVB
·
January 3, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီး ဗဟိုတိုင်းရင်းသားရေးရာကော်မတီတခုကို ဖွဲ့စည်း လိုက်တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြစ်ချက်အရ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်း လိုက်တာလို့ ဆိုပါတယ်။
ဒီကော်မတီဟာ နိုင်ငံတဝှမ်းမှာဖြစ်ပွားနေတဲ့ တိုင်းရင်းသားအရေးတွေကို ဆောင်ရွက်ဖို့ ဖွဲ့စည်းတာလို့ အန်အယ်ဒီဗဟိုပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
“ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးပါတီဖြစ်ပါတယ်။ အဲတော့ တိုင်းရင်းသားများရဲ့ ရိုးရာ၊ စာပေယှဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်ချက်တွေမှာ ကူညီဆောင်ရွက်ပေးဖို့၊ နောက်ပြီးတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ အရင်းအမြစ်ဖလှယ်ပြီးတော့ ရှေ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် ဒါတွေ သူတို့က လုပ်ငန်းတွေ ရှိပါလိမ့်မယ်။ တိုင်းရင်းသားအရေးတွေပေါ့၊ တိုင်းရင်းသားဒေသတွေမှာ အချိန်အခါ အလျောက်ဖြစ်ပေါ်လာတဲ့ အကြောင်းအရာ ဒါတွေဆောင်ရွက်နိုင်ဖို့။ ”
အန်အယ်ယ်ဒီ ဖွဲ့စည်းလိုက်တဲ့ ဗဟိုတိုင်းရင်းသားရေးရာကော်မတီအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဦးအင်ထုံးခါးနော်ဆမ်၊ ဒု-ဥက္ကဋ္ဌ (၁)အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ ဒု-ဥက္ကဋ္ဌ (၂)အဖြစ် ဒေါက်တာ တင်မျိုးဝင်းတို့ ဖြစ်ပါတယ်။