လူထုစုပေါင်းစက်ဘီးစီးပွဲ မိုးညှင်းတွင်ကျင်းပ
DVB
·
December 31, 2019
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စက်ဘီးစီးကလပ်အသင်းက ကြီးမှူးကျင်းပတဲ့ စတုတ္ထအကြိမ် လူထု စုပေါင်းစက်ဘီးစီးပွဲကို ဒီဇင်ဘာ ၃၀ ရက်မနက်က ကျင်းပပါတယ်။
ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ တဦးက “ စက်ဘီးစီးခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင်ကျန်းမာစေတယ်။ကိုယ်လက်လှုပ်ရှားမှုကြောင့် မူးယစ်ဆေးဝါးပေါများတဲ့ဒေသမှာ လူငယ်တွေကို မူးယစ်ဆေးမသုံးစွဲနိုင်အောင် အားကစားဘက်ကို ဦးတည်လာစေဖို့နဲ့ လူတော် လူကောင်းလေးတွေ ဖြစ်လာစေဖို့ အစပျိုးပေးတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြိုင်ပွဲကို နောင်စွန်းရပ်ကွက်ရှိ ရှမ်းတံတားမှတာထွက်ကာ နယ်အားကစားကွင်းမှာ ခရီးစဉ်ပြီးဆုံးပါတယ်။
စုပေါင်းစက်ဘီးစီးပွဲမှာ ကလေးနဲ့ လူကြီးစုစုပေါင်း ၃၀၀ ကျော်ပါဝင်ကြပြီး ပြိုင်ပွဲဝင်တွေထဲက အသက် ၈၇ နှစ်အရွယ် အဖိုးအိုနဲ့ အသက် ၆ နှစ် အငယ်ဆုံးကလေးတို့ကို ဂုဏ်ပြုငွေတွေ ချီးမြှင့်ခဲ့ပါတယ်။
အသက် ၁၇ နှစ်အောက် ကလေးစက်ဘီးစီးပွဲမှာ ဆုရသူတွေကိုတော့ မြစ်ကြီးနားမြို့မှာကျင်းပမယ့် လွတ်လပ်ရေးပွဲတော်စက်ဘီးစီးပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။
သတင်း- ခင်သန်းညွန့်