သက်ငယ်မုဒိမ်းကြံစည်မှုကိစ္စ ဖြေရှင်းမပေးသဖြင့် ကော့သောင်းမြို့ခံများဆန္ဒပြ
DVB
·
December 31, 2019
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ သက်ငယ်မုဒိမ်း ပြုကျင့်ဖို့ ကြံစည်မှုတခုနဲ့ ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဟုကာ ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဒေသခံတွေက ဒီနေ့ မနက် စီတန်းလှည့်လည် ဆန္ဒပြကြပါတယ်။
ကော့သောင်းမြို့ အများပြည်သူနားနေဆောင်ရှေ့မှာ ပြုလုပ်တဲ့ အဆိုပါဆန္ဒဖေါ်ထုတ်ပွဲမှာ တက်ရောက်လာသူတွေက ရွှေပြည်သာရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဖြုတ်ချပေးရေး၊ အမျိုးသမီး ဘ၀တွေ လုံခြုံဖို့ မုဒိမ်းသမားတွေနှိမ်နင်းစို့၊ သက်ငယ်မုဒိမ်းမှုကြံစည်သူအား အမြန်ဆုံးဖမ်းဆီး ပေးရေးစတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ကို အဝိုင်းပတ်ကာ ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြတာပါ။
ဒီဇင်ဘာ ၁၅ ရက်နေ့ညက ရွှေပြည်သာရပ်ကွက် ရာအိမ်မှူးဆိုသူက တရပ်ကွက်ထဲနေ ၁၆ နှစ် အရွယ် သတ္တမတန်းကျောင်းသူ မိန်းကလေးတဦးကို မိခင်မရှိခိုက် အလိုမတူဘဲ အဓမ္မ ပြုကျင့်ဖို့ နှစ်ကြိမ်တိုင်တိုင်ကြံစည်ခဲ့တဲ့အပေါ် အုပ်ချုပ်ရေးမှူးက ဖြေရှင်းမပေးတဲ့အပြင် တိုင်တန်းသူတွေကို မောက်မောက်မာမာ ဆက်ဆံတာကြောင့် ဆန္ဒဖော်ထုတ်တာဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူ ခင်မောင်သန်း(ခ)ကျော်မိုးဟိန်းက “မိသားစုတွေတိုင်းမှာ သားသမီး တွေရှိကြတယ်။ အဲဒီတော့ သားသမီးတွေအကုန်လုံးက မုဒိမ်းမှုဆိုတာကို မဖြစ်စေချင်ဘူး။ ပြဿနာဖြစ်လာပြီဆိုရင် တက်လာတဲ့ ပြဿနာတွေ အကုန်လုံးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြေးတိုင်ရတယ်။ တိုင်တိုင်းတိုင်တိုင်း ဘယ်လိုပြဿနာပဲ ဖြစ်လာဖြစ်လာ သူ့ရဲ့လုပ်ပိုင်ခွင့်တွေထဲမှာ ပြည်သူဘက်ကရ ပ်တည်မှုမရှိသလို လုံးဝကို မရှိဘူးလို့လည်း ပြောလို့ရပါတယ်။ သားသမီးတွေ ဖြစ်တဲ့ ပြဿနာကို အမေက လာတိုင်တော့ အုပ်ချုပ်ရေးမှူးက ဒါရုံးလို့ခေါ်တယ်။ ကျုပ်ကို အမိန့်လာပေးလို့မရဘူးလို့ အဲလိုပုံစံမျိုးပေါ့ အိမ်ခန်းငှားနေတဲ့သူတွေကိုလည်း ထိုးပစ်လိုက်မယ်၊ ရိုက်ပစ်လိုက်မယ်လို့ပြောတယ်” လို့ ပြောပါတယ်။
အခုဆန္ဒဖော်ထုတ်ပွဲမှာ ကော့သောင်းဒေသခံ ၈၀ လောက်က ပါ၀င်ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။ သက်ငယ်မုဒိမ်းပြုကျင့်ဖို့ ကြံစည်သူကိုတော့ ကော့သောင်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ စခန်း တာ၀န်ရှိသူတဦးကပြောပါတယ်။
သတင်း- လတ်ကိုကိုဦး