ညောင်ပင်သာမြို့က ကျုးကျော် ၅၀၀ ခန့်ကို တရားစွဲမည်
DVB
·
December 29, 2019
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့က ပိုင်ရှင်ရှိ မြေကွက်တွေမှာ ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်သူတွေကို အရေးယူသွားမယ်လို့ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ဦးစီးဌာန အုပ်ချုပ်ရေးမှုးဦးသန်းထွေးက ပြောပါတယ်။
ညောင်ပင်သာမြို့က စက်မှုလယ်ယာစိုက်ကွင်းနဲ့ မြေကွက်တချို့မှာ အိမ်ထောင်စု ၅၀၀ လောက်ဟာ ကျူးကျော်ပြီး နေအိမ် ဆောက်နေတာဟာ ဒီဇင်ဘာ ၁၆ ရက်ကတည်းက ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနေရာတွေမှာ ပထမအိမ်ထောင်စု ၃၀ လောက်ကစပြီး ကျူးကျော် အိမ်ဆောက်လုပ်ရာကနေ အခုဆို ကျူးကျော်အိမ်ထောင်စု ၅၀၀ လောက်ရှိပြီလို့ ဦးသန်းထွေးက ဆိုပါတယ်။
“သူတို့ကိုလည်း ပြောပြတယ်၊ ဒီနေရာတွေဟာ ပိုင်ရှင်ရှိတဲ့အတွက် မလုပ်ဖို့ ပြောတယ်။ အခုလက်ရှိမှာတော့ သက်ဆိုင်ရာဌာနတွေကနေ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။”
အဲဒီမြေတွေမှာ ထပ်ပြီး မကျူးကျော်ဖို့ကိုလည်း သက်ဆိုင်ရာဌာနတွေက အသိပေးစာနဲ့ တားမြစ်ထားပြီးလို့လည်း သိရပါတယ်။
မီးရထားလမ်း အဆင့်မြှင့်တင်ဖို့ ရထားပိုင်မြေနေရာကို ဖယ်ပေးဖို့ အသိပေးစာ ပို့ထားပြီး ဖယ်ရှားပါက နေထိုင်စရာ မရှိတဲ့အတွက် အခုလို ကျူးကျော်ပြီး နေရာဦးနေတာလို့ လတ်တလော ကျူးကျော်နေရာ မှတ်ခဲ့သူ မမီးမီးက ပြောပါတယ်။
ကျူးကျော်သူများ ဝင်ရောက်ကာ နေအိမ်ဆောက်တဲ့နေရာတွေကတော့ ညောင်ပင်သာမြို့က လမ်းဦးစီးပိုင်မြေ အပါအဝင် စက်မှုလယ်ယာပိုင် မြေနေရာနဲ့ တခြားမြေနေရာတချို့ပဲ ဖြစ်ပါတယ်။
ကျော်အောင်(ကညွှတ်ကွင်း)