အင်းဒင်စစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ၉ သိန်းခွဲခန့်ဖမ်းမိ
DVB
·
December 23, 2019
ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်ကားလမ်းပေါ်ရှိ အင်းဒင်နယ်မြေစစ်ဆေးရေးစခန်းမှာ ဒီဇင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းက ကာလတန်ဖိုး ကျပ် သိန်းပေါင်း ၁၈၀၀၀ ကျော်လောက်ရှိတဲ့ wy စိတ်ကြွဆေးပြား ၉ သိန်းခွဲနီးပါးကို စံချိန်တင်ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောမူးယစ်တပ်ဖွဲ့က သိရပါတယ်။
အငူမော်ကနေ မောင်တောဘက်ကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မောင်တောမြို့နယ် ဝေသာလီကျေးရွနေ နေထွန်းဦး (၃၀ နှစ်)နဲ့ ယာဉ်မောင်း ခင်အောင်မင်း (၂၃ နှစ်) တို့ကို သက်သေခံမူးယစ်ဆေးတွေနဲ့အတူ လက်ကိုင်ဖုန်း ၂ လုံး၊ မြန်မာငွေ ကျပ် ၃၉၆၀၀၀၀ နဲ့ ကျောင်းသုံးဗလာစာအုပ် ၈ ဒါဇင်တို့နဲ့အတူဖမ်းမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ wy စိတ်ကြွရူးသွပ်ဆေးပြားစုစုပေါင်း ၉၄၈၈၆၀ ပြား ကာလတန်ဖိုး ကျပ် ၁၈၉၇၇ ဒသမ ၂ သိန်း တန်ဖိုးရှိပြီး လောလောဆယ် တရားခံ ၂ ဦးကို ဖမ်းထားကာ နောက်ကွင်းဆက်တရားခံတွေကို ဖမ်းဆီးဖို့ လုပ်ဆောင်နေပါတယ်လို့ မောင်တောမူးယစ်တပ်ဖွဲ့က တပ်ဖွဲ့စု (၄၆) က သိရပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိသူ ၂ ဦးကို အင်းဒင်နယ်မြေစခန်းက တရားလိုပြုလုပ်ပြီး မ/ယ(ပ)၆/၂၀၁၉ မူးစိတ် ဥပဒေ ပုဒ်မ ၁၉(က)/၂၀(က)၂၁ နဲ့ အမှု ဖွင့်လှစ်ထားပါတယ်။
သတင်း - ကောင်းကောင်း