ကျပ်သိန်း ၁၀၀ အထိ ချေးနိုင်မည့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းတင်သွင်း
နေဖြိုးဝင်း
·
December 10, 2019
ကျပ်သိန်း ၁၀၀ ထိ ချေးနိုင်မယ့် အသေးစားငွေရေးကြေးရေး ဥပဒေကြမ်းကို ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တင်သွင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ လက်လုပ်လက်စားတွေ၊ ကျေးလက်ဒေသတွေမှာရှိတဲ့ ပြည်သူလူထုတွေအတွက် အထောက်အပံ့ပြုနိုင်ဖို့နဲ့ တရားမဝင်ဘဲ ငွေချေးငှားနေတဲ့ အဖွဲ့အစည်းတွေ ပျောက်ကွယ်သွားဖို့ ရည်ရွယ်ပြီး တင်သွင်းတာလို့ ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
“ပြည်သူလူထုတွေအနေနဲ့ ဒီလို ငွေရေးကြေးရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ စိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းတွေ၊ အခြားလိုအပ်တဲ့ မွေးမြူရေးလုပ်ငန်းတွေ ဒါတွေမှာ ရှေ့ဆက် ပြီး မျှော်လင့်ထားတာက ပညာရေး၊ ကျန်းမာရေးအထိပါ အထောက်အကူပြုနိုင်အောင် မျှော်လင့်ပြီးမှ ဒီဥပဒေကို ရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်”
ချေးပေးမယ့်နှုန်းအနေနဲ့ အများဆုံး ကျပ်သိန်း ၁၀၀ ထိပဲ ချေးပေးနိုင်မှာဖြစ်ပြီး အတိုးနှုန်းအနေနဲ့ လောလောဆယ် ၁ ကျပ် ၅၀ ပြား သတ်မှတ်ထားတယ်လို့သိရပါတယ်။
“တချို့ကျတော့ အဖွဲ့အစည်းကြီးတယ်ဆိုရင်တော့ အများဆုံးမှာ ကျပ် သိန်း ၁၀၀ လောက်ပဲ ချေးနိုင်တာပေါ့။ အတိုးအနေနဲ့ကတော့ တစ်ကျပ်ခွဲနှုန်းလို့ လောလောဆယ် သတ်မှတ်ထားပါတယ်” လို့ ဒေါ်ခင်စန်းလှိုင်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ အသေးစားငွေချေးလုပ်ငန်း ၁၈၉ ဖွဲ့ရှိပြီး ဒီဥပဒေအတည်ပြုပြီးရင် လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်ဖို့ လွှတ်တော် ကော်မတီက မျှော်မှန်းထားပါတယ်။