Homeမြန်မာသတင်း
အိုင်စီဂျေအမှုကိစ္စ မြန်မာဒုကာချုပ်နှင့် ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ်တို့ ဆွေးနွေး
အိုင်စီဂျေအမှုကိစ္စ မြန်မာဒုကာချုပ်နှင့် ဘင်္ဂလားဒေ့ရှ် ကြည်းတပ်ဦးစီးချုပ်တို့ ဆွေးနွေး
ပိုင်စိုး
·
December 10, 2019
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ မနေ့က ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံပြီး နေရပ်စွန့်ခွာသူတွေ အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒု ဗိုလ်ချုပ်မှူးကြီးရဲ့ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဇစ်အာမက်ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး မနေ့က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
တွေ့ဆုံရာမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ အပေါ်တုံ့ပြန်ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ နှစ်နိုင်ငံအကျိုးစီးပွားကို ရှေးရှုပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ဝန်ကြီးအဆင့်၊ အတွင်းဝန်အဆင့် တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးတဲ့ အခြေအနေတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံထဲက ပြန်လည်လက်ခံရေးစခန်းတွေကိုခေါ်ယူပြီး နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံဖို့ အသင့် ဖြစ်နေတာကို ပြသခဲ့တဲ့ အခြေအတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတွေကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ၂၀၁၉ ဇန်နဝါရီ ၂၃ ရက်မှာ တကြိမ်၊ သြဂုတ် ၂၂ ရက်နေ့မှာ တကြိမ် ပြန်လည်လက်ခံဖို့ သတ်မှတ် ဆောင်ရွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မမြင်ဖြစ်ရတဲ့ အခြေအနေနဲ့ အခက်အခဲ တွေ၊ နားလည်မှု လွဲမှားနေတဲ့ အခြေအနေတွေ၊ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ်ဦးစီးချုပ်ကို ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့ပြီး ညဘက်မှာလည်း ဂုဏ်ပြုညစာနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- CINCDS