Homeမြန်မာသတင်း
မော်လမြိုင် ခနောက်စိမ်းစက်ရုံထွက်ဓာတ်ငွေ့ အန္တရာယ်အဆင့်မရောက်မီ ထိန်းချုပ်နိုင်ခဲ့ဟု ဝန်ကြီးပြော
မော်လမြိုင် ခနောက်စိမ်းစက်ရုံထွက်ဓာတ်ငွေ့ အန္တရာယ်အဆင့်မရောက်မီ ထိန်းချုပ်နိုင်ခဲ့ဟု ဝန်ကြီးပြော
DVB
·
December 5, 2019
တိုင်ကြားခံခဲ့ရတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ခနောက်စိမ်းစက်ရုံက ထွက်ရှိတဲ့ဓာတ်ငွေ့ကို အန္တရာယ်အဆင့် မရောက်မီ ထိန်းချုပ်နိုင်ခဲ့တယ်လို့ မွန်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
ခနောက်စိမ်းစက်ရုံတွေဟာ ကျောက်မီးသွေးသုံးပြီး လုပ်ငန်းလည်ပတ်ရာမှ အနံ့ဆိုးတွေ ထွက်ရှိခဲ့တဲ့အတွက်ကြောင့် ဒေသခံတွေက နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ တိုင်ကြားခဲ့ကြတာပါ။
အခုလို တိုင်ကြားမှုတွေကြောင့် ပြည်ထောင်စုမှ ကျွမ်းကျင်ပညာရှင်တွေက ပြီးခဲ့တဲ့ မေလက လာရောက် စစ်ဆေးခဲ့ပြီးနောက် ကုမ္ပဏီကို အနံ့ဆိုးထိန်းချုပ်နိုင်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး လက်ရှိမှာတော့ ဒီခနောက်စိမ်း စက်ရုံက ထွက်ရှိနေတဲ့ ဓာတ်ငွေ့ကို အန္တရာယ်အဆင့် မရောက်မီ ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ မွန်ပြည်နယ်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရအနေနဲ့လည်း ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို တလတကြိမ် ကွင်ဆင်းစစ်ဆေးတာတွေ လုပ်ဆောင်နေတဲ့အပြင် အနံ့ဆိုးထိန်းချုပ်နိုင်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးထားတယ်လို့ ပြောပါတယ်။
အခုအခါ ခနောင်စိမ်းစက်ရုံက ထွက်တဲ့ အနံ့ဆိုးတွေဟာ အရင်ကလို အမြဲနံ့နေတာ မဟုတ်ဘဲ တခါတရံမှာတော့ ပျံ့နှံ့လာတယ်လို့ ဒေသခံ ဦးသိန်းဇံက ပြောပါတယ်။
မော်လမြိုင် စက်မှုဇုန်မှာ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံ ခြောက်ရုံရှိနေပေမယ့် လက်ရှိမှာတော့ မြန်မာရှင်းရှင်းနဲ့ မြန်မာဆန်းဇော်ခနောက်စိမ်း သတ္တုသန့်စင် စက်ရုံ လည်ပတ်ရာမှ အနံ့ဆိုးတွေ ထွက်ရှိခဲ့တာဖြစ်ပါတယ်။
အခုလို ခနောက်စိမ်းစက်ရုံတွေကနေ အနံ့ဆိုးတွေ ထွက်ရှိခဲ့လို့ ပြီးခဲ့တဲ့အစိုးရ လက်ထက်ကလည်း စက်ရုံတွေကို ယာယီပိတ်သိမ်းခဲ့တာပါ။
သတင်း - ဇော်လွင်ထွဋ်