လွိုင်လင်မြို့နယ်တွင် စိတ်ကြွဆေးပြား ၃ သိန်းခွဲခန့် ဖမ်းမိ
DVB
·
December 4, 2019
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်မှာ မနေ့ညက စိတ်ကြွဆေးပြား ၃ သိန်းခွဲလောက် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ လွိုင်လင်မြို့နယ်၊ လွိုင်လင်-တောင်ကြီးကားလမ်း လွိုင်လင်မြို့အထွက် ဟိုတင့် ကျေးရွာအနီးမှာ ယာဉ်မောင်း(စိစစ်ဆဲ)မောင်းနှင်လာတဲ့ YGN 7J/xxxx Alphard ယာဉ်ဟာ နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ယာဉ်ကို လမ်းဘေးမှာ ရပ်ထားတာ တွေ့ရှိရပြီး ယာဉ်မောင်းဖြစ်သူကိုတော့ မတွေ့ရဘဲ ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ WY စာတမ်းပါ စိတ်ကြွဆေးပြား ၃၄၀၀၀၀ ပြားအား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပါတယ်။
ယာဉ်ပေါ်ပါသူများ (စိစစ်ဆဲ) အား လွိုင်လင်မြို့မရဲစခန်းက မယ(ပ)၂၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။