Home
မြန်မာသတင်း
ဗစ်တိုရီးယားအမှု ဒေါ်ဥမ္မာလှိုင်နှင့် ဆရာမ နှစ်ဦးကို စစ်ဆေးမည်
DVB
·
December 4, 2019
U Khin Mg Zaw Lawyer for Victoria Case
ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရုံးချိန်းမှာ စစ်ဆေးတာ မပြီးပြတ်သေးတဲ့ Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ဆရာမ နှစ်ဦးကို စစ်ဆေးသွားမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ ဗစ်တိုးရီးယားအမှု ၁၂ ကြိမ်မြောက် ဒီနေ့ရုံးထုတ်မှာ တရားခွင် မစတင်ခင် သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ “ဒေါ်ဥမ္မာလှိုင်ကို အဓိကစစ်မေးချက် ပြီးသွားတယ်။ ပြန်လှန်စစ်မေးခြင်း မပြီးသေးဘူး။ ဒေါ်ဥမ္မာလှိုင်ကို ဒေါ်စုဒါလီအောင်ကပဲ တာဝန်ခံပြီးတော့ ပြန်လှန်စစ်မေးပါမယ်။ နောက်ပြီးရင် မူကြိုကျောင်းက ဆရာမနှစ်ယောက်ကို စစ်မေးမယ်။ ဘယ်သူတွေ လာမလဲတော့ မသိသေးဘူး။ ဒေါ်နှင်းနုတော့ မဟုတ်သေးဘူး။ အဲဒီထဲမှာ ကျနော်တို့ သိထားတာက တယောက်က အတွင်းပိုင်းမှာ ကလေးတွေကို တိုက်ရိုက်စောင့်ရှောက်ပြီးတော့ တာဝန်ယူတဲ့ ဆရာမလို့ သိရပါတယ်။ သူ့ဆီကလည်း ကိုအောင်ကြီးနဲ့ပတ်သက်လို့ ကျနော်တို့ တော်တော်မေးမြန်းလို့ ရပါလိမ့်မယ်။ ကိုအောင်ကြီး ဒီထဲမှာ ဘယ်လို ပတ်သက်လဲ၊ အထဲကို ကိုအောင်ကြီး ရောက်သလား၊ မရောက်သလား မေးလို့ရပါလိမ့်မယ်။”  ဒါ့အပြင် ဗစ်တိုရီးယားအမှုအတွင်း ပျောက်ဆုံးသွားတဲ့ CCTV Hard- Disk တွေထဲက ဖိုင်တွေ ပြန်လည်ရရှိရေးအတွက် အိုင်တီ နည်းပညာရှင်စာရင်းကို ဒီနေ့ရုံးချိန်းမှာ တင်သွင်းမယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ “ဘယ်လိုလူမျိုးတွေခေါ်ပြီး စစ်ပေးမလဲဆိုတာ စစ်တဲ့အခါကျတော့ ပထမအချိန်တုန်းက သင့်တော်တဲ့အချိန်၊ သင့်တော်တဲ့နေ့မှာ စစ်ပေးမယ်ဆိုတုန်းကတော့ ကွန်ပျူတာကို လာပြီးဆင်ပေးတဲ့ ကိုမိုးဆိုတဲ့ ပညာရှင်ရယ်၊ ဥပဒေအရာရှိ ပြောတာက သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ရယ်၊ စက်ကိုဆင်ပေးတဲ့ မန္တလေးက ကုမ္ပဏီက ပုဂ္ဂိုလ်ရယ်လို့ ပြောတယ်။  ပြီးခဲ့တဲ့အချိန်းမှာ တရားသူကြီးက ပြောတာကတော့ နှစ်ယောက်ပေါ့။ ရဲဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်နဲ့ ဒီဘက်က ကွန်ပျူတာကျွမ်းကျင်တဲ့သူရယ် ဆိုပြီးပေါ့။ အဲဒီအတွက်ကြောင့် ကြားရက်မှာ ကျနော်တို့ တရားသူကြီးကို သွားတင်ပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဇေယျာလှိုင်ပါ။ တင်တော့ တရားသူကြီးက သူ့ဆီ မတင်ပါနဲ့၊ ဥပ‌ဒေအရာရှိဆီ တင်ပါ၊ ဥပဒေအရာရှိက ဒီစာရင်းတွေပေးရမှာဆိုတော့ ကျနော်တို့ တရားသူကြီးဆီ တင်တဲ့စာနဲ့ တွဲပြီးတော့ ဥပဒေအရာရှိဆီ တင်ခဲ့ပါတယ်။ အဲဒါကို ဒီကနေ့ ဥပဒေအရာရှိက ရုံးမှာ ဘယ်သူတွေကို စစ်မယ်ဆိုတဲ့ စာရင်းတင်မယ်လို့ ထင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024