တောင်သားလူမျိုးများ တွေ့ဆုံပွဲကျင်းပနိုင်ရေး တိုင်းအစိုးရ ငွေကျပ် ၂၅ သိန်းထောက်ပံ့
DVB
·
December 4, 2019
ပျူအနွယ်ဝင် တောင်သားလူမျိုးများ တတိယအကြိမ် တွေ့ဆုံပွဲကျင်းပနိုင်ရေးအတွက် မကွေးတိုင်းအစိုးရအဖွဲ့က ငွေကျပ် ၂၅ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ ဆောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။
ပုဂံမင်းဆက် နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သမုဓိရာဇာမင်းလက်ထက်မှာ ပျူအနွယ်ဝင် တောင်သားလူမျိုးများဟာ မင်းဒဏ်သင့်ပြီး ပုဂံ နဲ့ ပုပ္ပါးဒေသများက ထွက်ပြေးတိမ်းရှောင်ကာ နောက်တွင် ဂန့်ဂေါ၊ ထီလင်း၊ ဆော၊ စေတုတ္တရာ၊ မင်းတပ်မြို့နယ် ၅ မြို့တို့ရှိ ကျေးရွာတွေမှာ နေထိုင်လာခဲ့ကြပြီး လူဦးရေ ၃ သောင်းခွဲကျော် ရှိပါတယ်။
တောင်သားလူမျိုးများ တွေ့ဆုံပွဲ ကျင်းပနိုင်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာလည်း ငွေကျပ် ၁၅ သိန်းထောက်ပံ့ခဲ့ပါတယ်။
တောင်သားလူမျိုးများစည်းလုံး ချစ်ကြည်မှု ပိုမိုခိုင်မြဲစေဖို့ တတိယအကြိမ် တွေ့ဆုံပွဲကို ဆောမြို့နယ် ကျောက်ထုမြို့ မိအယ်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်းမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ကျင်းပမယ်လို့ သိရပါတယ်။
တောင်သားလူမျိုး တွေ့ဆုံပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒု ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း နဲ့ အစိုးရအဖွဲ့ တက်ရောက်မယ်လို့ ဆောမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောပါတယ်။
“တွေ့ဆုံပွဲမှာ အထူးတောင်းဆိုမှာကတော့ တောင်သားလူမျိုးတွေမှာ လူမျိုးနွယ်စု ကုဒ်နံပါတ် မရှိဘူး၊ ဒါကြောင့် လူမျိုးစု ကုဒ်နံရရှိရေးအတွက် အဓိက တောင်းဆိုမှာပါ။"
၂၇ ရက်နေ့ ညပိုင်းမှာ တောင်သားလူမျိုးတွေရဲ့ ရိုးရာအကတွေနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပပြီး ဧည့်ခံဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။
ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ဦးကျော်မြင့်