Homeမြန်မာသတင်း
ရေးမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲနေထိုင်သည့် နိုင်ငံခြားသားများကို စစ်ဆေးအရေးယူမည်
ရေးမြို့နယ်အတွင်း ခွင့်ပြုချက်မရှိဘဲနေထိုင်သည့် နိုင်ငံခြားသားများကို စစ်ဆေးအရေးယူမည်
DVB
·
December 4, 2019
မွန်ပြည်နယ်၊ ရေးမြို့ပေါ်မှအပ မြို့နယ်အတွင်းရှိ နယ်မြေဒေသတွေမှာ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို စစ်ဆေးအရေးယူသွားဖို့ ရှိနေပါတယ်။
နိုင်ငံခြားသားများ သွားလာနေထိုင်မှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်လို့ ရေးမြို့နယ် နိုင်ငံ ခြားသားတွေ ဝင်ထွက်သွားလာမှုဆိုင်ရာ စောင့်ကြည့်ရေးကော်မတီနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေ၊ စက်ရုံတွေမှာ ခေါ်ယူထားတဲ့ နိုင်ငံသားခြားသားတွေ၊ စကားပြန်တွေနဲ့ တွေ့ဆုံ ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့ပြီး ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က အသိပေးပြောကြားလိုက်တာပါ။
ရေးမြို့နယ် မြို့ပေါ်မှာ နိုင်ငံခြားသားများကိုသွားခွင့်ပြုပြီး မြို့ပြင်ထွက်ရှိပါက ခွင့်ပြုချက်ယူရမှာဖြစ်ကြောင်း၊ အစိုးရဌာနဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှတဆင့် NGO. INGO များဖြစ်မယ်ဆိုပါက အဖွဲ့အစည်းများကတဆင့် နိုင်ငံတော်သမ္မတရုံးထံ ခွင့်ပြုချက်ယူရမယ်လို့ ဆိုပါတယ်။
ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လာရောက်ဆောင်ရွက်မယ်ဆိုပါက မွန်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ သဘောထားမှတ်ချက်ရယူရမယ်လို့ သိရပါတယ်။
ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ဒေသဖွံ့ဖြိုးရေး အတွက် စက်ရုံအလုပ်ရုံတွေ ဖွင့်လှစ်လာတာကြိုဆိုပါတယ်။ ဒါပေမယ့် ဒေသခံတွေ အလုပ်အကိုင် ရရှိရေး၊ ဒေသထွက်ကုန်တွေအတွက် စျေးနှုန်းမှန်ရရှိရေးတို့အတွက် နေထိုင်မှုအပေါ် ပွင့်လင်း မြင်သာမှုနဲ့ သေသေချာချာကြပ်မတ်ပေးဖို့တော့ လိုပါမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေးမြို့နယ်အတွင်း စက်ရုံအလုပ်ရုံတွေမှာ နိုင်ငံခြားသားများလာရောက်နေထိုင်မှုများရှိနေပြီး တရုတ်လူမျိုးများ အဓိက လာရောက်နေထိုင်ကြကာ ဝဥ၊ အအေးခန်းနဲ့ ရော်ဘာစက်ရုံ စုစုပေါင်း ၁၁ ရုံမှာ တရုတ်နိုင်ငံသား ၂၇ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၄ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦး လာရောက်နေထိုင်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံသားအချို့က စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေရှိနေပြီး စစ်ဆေးအရေးယူ သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မွန်ပြည်နယ်အတွင်း ကျိုက်ထို၊ ပေါင်၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တို့အတွင်း နိုင်ငံခြားသားများကို သွားလာခွင့်ပြုထားပြီး ရေးမြို့နယ်အပါအဝင် ဘီးလင်းနဲ့ သထုံမြို့နယ်တွေမှာ မြို့ပေါ်ခွင့်ပြုပေးထားကာ မြို့ပြင်ထွက်ရင်တော့ ခွင့်ပြုချက်ရယူရမှာဖြစ်ပြီး ကျိုက်မရောမြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့မှာတော့ ခွင့်ပြုချက်ရယူပြီးမှသာ နေထိုင်ဖို့ သတ်မှတ်ထားတာပါ။
ပြီးခဲ့တဲ့နှစ် မတ်လက ရေးမြို့နယ်၊ လမိုင်းမြို့၊ ဒုံဖီစံပြကျေးရွာမှာ ကွမ်းသီးနုတွေ လာရောက်ဝယ်ယူနေတဲ့ တရုတ်နိုင်ငံသား ၄ ဦးကို ခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေထိုင်ခဲ့တာကြောင့် လဝကဥပဒေနဲ့ တရားစွဲအရေးယူခဲ့ပါတယ်။
သတင်း - ဝင်းနိုင်သက်