မန္တလေးတွင် ကျောက်စိမ်းအချောထည်ကုမ္ပဏီအလုပ်သမားများ ဆန္ဒပြ
Aung Aung Naing
·
December 3, 2019
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၆၂ လမ်း ၆၃ လမ်းကြား သိပ္ပံလမ်းက ကျောက်စိမ်းအချောထည်လုပ်ငန်း အောင်ပြည့်ဝဖြိုးကုမ္ပဏီ အလုပ်သမား ၄၀ ကျော်ဟာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိဖို့အတွက် ဒီဇင်ဘာ ၃ ရက်က တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားခေါင်းဆောင် မခိုင်ရွှေဝါက “အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေး တခုမှမရဘူး။ အလုပ်သမားအဖွဲ့အစည်းအားလုံး ဖွဲ့စည်းခွင့်တခုမှ မရခဲ့ဘူး။ အခုကျမတို့ အလုပ်သမား သမဂ္ဂဖွဲ့စည်းဖို့ လုပ်တော့ ဖွဲ့စည်းခွင့်မပြုဘူး။ ဖွဲ့မယ်ဆိုရင်အလုပ်က ထုတ်ပြစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဒါကြောင့် ကျနော်တို့က ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုရတာ”လို့ ပြောပါတယ်။
မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကိုမင်းသက်ထွေးတို့ လာရောက်ညှိနိုင်းပေးခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။
အလုပ်သမားအဖွဲ့အစည်း မှတ်ပုံတင်နေချိန် ကာလအတွင်း အလုပ်သမားတွေကို အလုပ်မှ မထုတ်ပယ်ရေး၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ အပြည့်အဝ ရရှိရေး၊ ရက်သတ္တပါတ် အလုပ်ပိတ်ရက်ရရှိရေး၊ အများပြည်သူ အလုပ်ပိတ်ရက်ရရှိရေး၊ တပတ်လုပ်ချိန် ၄၄ နာရီရရှိရေး၊ OT ကြေးများ ပြန်လည်ရရှိရေး၊ EC စာချုပ် ချုပ်ဆိုပေးရေး စတဲ့ အချက် ၁၆ ချက်ကို အလုပ်သမားတွေက တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
အောင်ပြည့်ဝဖြိုး ကုမ္ပဏီဟာ ကျောက်စိမ်းလက်ကောက်၊ ဆွဲသီး၊ ပန်းကြောက်ပြား အချောထည်ကုန်ပစ္စည်းတွေကို အဓိကရောင်းချတဲ့ ကုမ္ပဏီတခုဖြစ်ပြီး တရုတ်အလုပ်သမား ၂၀၀ကျော်နဲ့ မြန်မာအလုပ်သမား ၅၀ ကျော်နဲ့ လုပ်ကိုင်နေကြပါတယ်။
အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ကျောက်စိမ်းလက်ကောက် အချောထည်လုပ်တဲ့ အောင်ပြည့်ဝဖြိုးကုမ္ပဏီ တာဝန်ခံ ဒေါ်ဖြူဖြူမြင့်ကို ဆက်သွယ်မေးမြန်းရာမှာ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။