ထားဝယ်ဆေးရုံကြီးတွင် ကျောက်ကပ်သန့်စင်ဌာန ဖွင့်တော့မည်
DVB
·
December 1, 2019
ထား၀ယ်မြို့ပြည်သူ့ဆေးရုံကြီးမှာ ကျောက်ကပ်သန့်စင်ဌာန ဖွင့်လှစ်တော့မယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။
အခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေနဲ့ ၀ယ်ယူထားတဲ့ ကျောက်ကပ်ဆေးစက် နှစ်လုံးနဲ့ နာတာရှည် ကျောက်ကပ်ဝေဒနာ ခံစားနေရပြီး လက်ရှိ ကျောက်ကပ်ဆေးနေတဲ့ လူနာတွေ ဒီဇင်ဘာလအလယ်လောက်မှာ ကျောက်ကပ်ဆေးနိုင်တော့မယ်လို့ သိရပါတယ်။
အခုအချိန်မှာ ရေသန့်စက် မတပ်ဆင်ရသေးလို့ ဒီဇင်ဘာ ၇ ရက်မှ ၁၀ ရက်အကြား ရေသန့်စက်တပ်ဆင်ပြီးနောက် ကျောက်ကပ်စက် တပ်ဆင်မယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးမင်းက ပြောပါတယ်။
“အဲဒီလို ဆင်ပြီးတာနဲ့ သူတို့ ကိုင်ပုံကိုင်နည်း အင်ဂျင်နီယာတွေ လာတဲ့အချိန်မှာ ကျနော်တို့က လူနာ ၁ ယောက်၊ ၂ ယောက် ရှိထားဖို့ လိုတယ်၊ သူတို့ ရှိတဲ့အချိန် စက်ကို တခါတည်း စမ်းမယ်။”
ကျောက်ကပ်ဆေးလိုသူတွေ ထား၀ယ်ပြည်သူ့ဆေးရုံကြီး ဆေးကုသဆောင်ကို ဆက်သွယ်နိုင်ပြီး ဒေါက်တာအေးမင်းသူ ၀၉၉၆၂၅၅၆၁၄၁၊ ဒေါက်တာခိုင်စန္ဒီ၀င်း စတဲ့ ဆရာ၊ ဆရာမတွေဆီကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
ကျောက်ကပ်ဆေးစက်ကို အခမဲ့ အသုံးပြုခွင့်ပေးမှာဖြစ်ပြီး ကျောက်ကပ်ဆေးတဲ့ ဆေးရည်ဖိုး၊ ပိုက်နဲ့ ကျောက်ကပ်အတုစက်တို့ ၀ယ်ယူဖို့တော့ လူနာက စိုက်ထုတ်ပေးဆောင်ရမယ်လို့ သိရပါတယ်။
ပစ္စည်းတွေ ၀ယ်ယူဖို့ ၃ သောင်းမှ ၄ သောင်းအကြား ကုန်ကျစရိတ်ရှိမယ်၊ လူနာတယောက် ကျောက်ကပ်ဆေးပါက အချိန် ၆ နာရီကျော် ကြာလေ့ရှိတယ်လို့ သိရပါတယ်။ ဒေသတွင်း နေထိုင်တဲ့ ဆင်းရဲနွမ်းပါးသူတွေကို ဦးစားပေးမယ်လို့ သိရပါတယ်။
တင့်လွင်