အိမ်ဦးနတ်နဲ့ မယားတောသူ
DVB
·
November 30, 2019
ကြားနေကျမို့ ထူးထူးထွေထွေ မခံစားမိတဲ့ စကားလုံးတွေဟာ သေချာ စဉ်းစားကြည့်ရင် အလွယ်တကူ လက်ခံသွားအောင် လေ့ကျင့်ပေးနေသလိုပါလားလို့ တော်ရုံနဲ့ မတွေးဖြစ်ကြပါဘူး။ ခုနောက်ပိုင်း မြန်မာပြည်မှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ (အများစုက အိမ်ထောင်ရှင်ယောကျ်ားတွေ) ခပ်စိပ်စိပ်ကြားလာတဲ့အခါ ဒါဟာ ကျမတို့ရဲ့ အစဉ်အလာထဲ စိမ့်ဝင်နေတဲ့ အမျိုးသမီး နဲ့ အမျိုးသားတွေကြား အဆင့်အတန်းခွဲထားတာရဲ့ နောက်ဆက်တွဲ ဂယက်တွေလေလားလို့ စဉ်းစားလာမိတာပါပဲ။
ထုံးတမ်းအစဉ်အလာအရ အလိုလိုအဆင့်မြှင့်ခံထားရတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ပြုလိုက်ရင်လည်း အိမ်ဦးနတ် .. ဆိုတဲ့ ကိုးကွယ်ထိုက်သူလိုလို ဘာလိုလို အဆင့်မြင့်ရာထူးကို အလိုလို ရသွားတာမို့ သူတို့ အခွင့်အရေးယူမယ်ဆိုရင်လည်း ယူချင်စရာပေါ့။ အရင် ခေတ်ကတော့ လင်ယောကျ်ားက ငွေရှာတဲ့အလုပ်ကို လုပ်ပြီး ဇနီးမယားက အိမ်မှုကိစ္စ လုပ်လေ့ရှိတဲ့ ခေတ်မို့ ငွေရှာနိုင်သူက ရာထူးပိုကြီးသွားတာပါပဲ။ အမျိုးသမီး တွေရဲ့ အချိန်အကန့်အသတ်မရှိ လုပ်ရတဲ့ အိမ်အလုပ်ရဲ့ တန်ဖိုးကတော့ ဘယ်တော့မှ ထည့်တွက်မခံရတာ ဟာ လည်း ဟိုးရှေးတုန်းကတည်းကပါပဲ။ ဒါပေမဲ့ ခုကတော့ ခေတ်ပြောင်း အမြင်ပြောင်းရမယ့် အချိန်ကို ရောက်နေပြီမို့ အမျိုးသမီးတွေရဲ့ နေရာ အသီးသီးမှာ အရေးပါမှု တွေကို သိသိသာသာ ထုတ်ပြောကြရတော့ မယ့် အချိန် ဖြစ်နေပါပြီ။ ဒါမှပဲ အမျိုးသားတွေကိုယ်တိုင်က ဒါကို သတိပြုမိပြီး အမျိုးသမီးတွေအပေါ် အနိုင်ကျင့် ရာရောက်တဲ့ အပြုအမူတွေကို ဆင်ခြင်မိမှာ ဖြစ်ပါတယ်။
+++++
မြန်မာ့လူ့ဘောင်ထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နှိမ်ထားတာ သိပ်မရှိဘူးလို့ အမျိုးသမီးတွေ ကိုယ်တိုင်ကတောင် ယူဆထားကြတာရှိပါတယ်။ ကျမ ရှေ့ဆောင်းပါးတွေမှာ ပြောခဲ့သလိုပါပဲ.. ဘယ်လောက်မှ အရေးမကြီးဘူးလို့ မှတ်ထားခဲ့ကြတဲ့ ဓလေ့ထုံးစံတွေထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေ နောက်ရောက် နေခဲ့ကြတာပါ။ ကျမတို့ကိုယ်တိုင်တောင် အလေးအနက်မထားမိတဲ့ “လိုချင်တာ မိဖုရား.. ညားတော့ ဘုရင်မ” ဆိုတဲ့ ယောကျ်ားအများစုရဲ့ ခွဲခြားသတ်မှတ်မှုဟာ အမျိုးသမီးတွေကို နောက်မှာသာထားချင်တဲ့ အစဉ်အလာ ကို ဖော်ပြနေတာပဲ မဟုတ်ပါလား။
ဥပမာတွေ ပေးမယ်ဆိုရင်တော့ အများကြီးကို ရှိတာပါ။ အဲဒီထဲကမှ တချို့ဆိုရင် အမျိုးသမီးတွေရဲ့တန်ဖိုးကို အတော် နှိမ့်ထားတာတွေ့ရပါတယ်။
- ကြက်မ တွန်လို့ မိုးမလင်းဘူး
- မယားနဲ့ နွား မသနားနဲ့
- တံခွန်မရှိတဲ့ ကုက္ကား ၊ အလံမရှိတဲ့ ရထား ၊ လင်သားမရှိတဲ့ မိန်းမ မတင့်တယ်
- သားကို သခင် ၊ လင်ကိုဘုရား
- မိန်းမ ဖျက်လို့ ပြည်ပျက်
- မိန်းမလို မိန်းမရ
- သတ္တိမရှိရင် ထမီဝတ်ထားလိုက်
- ငိုတယ်ဆိုတာ ပျော့ညံ့တဲ့ မိန်းမတွေရဲ့ အလုပ် … စသဖြင့်။
- မနက်တိုင်း လင်ယောကျ်ားထက်အရင် အိပ်ရာထပြီး မနက်စာ ပြင်ဆင်ရမယ်။
- ညမှာလည်း လင်သားအိပ်ပြီးမှ အိပ်ရမယ်။
- ညအိပ်ရာဝင်တဲ့အခါ လင်ယောကျ်ားကို ကန်တော့ပြီးမှ အိပ်ရမယ်။
- အစားအသောက်မှာလည်း လင်ယောကျ်ားအကြိုက်ကို ဦးစားပေးစီစဉ်ချက်ပြုတ်ရမယ်။
- မိသားစုထဲမှာ အိမ်ထောင်ဦးစီးလင်ယောကျ်ားရဲ့ အဆုံးအဖြတ်ကသာ အဓိက ဖြစ်တယ်။
- ယောကျာ်းတွေကတော့ စိတ်အခန့်မသင့်ရင် တခါတလေ လက်ပါတတ်တာပဲ.. မိန်းမကတော့ အိမ်ထောင်ရေးမပြိုကွဲဖို့ ဒီလိုပဲ သည်းခံကြရတာပဲ။
- အမျိုးထဲမှာ တစ်ခုလပ် တစ်လင်ကွာ မရှိဘူး၊ ဒါကြောင့် အိမ်ထောင်ကွဲလို့မရဘူး။