မြစ်သာမြစ်အတွင်း ဖြတ်တောက်ခံထားရသည့် ပုပ်ပွ လက်တစုံတွေ့ရှိ
Aung Ko Latt
·
November 30, 2019
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာ မြစ်သာမြစ်အတွင်း ပီနံအိတ်ထုပ်နဲ့ ထည့်ထားတဲ့ ပုပ်ပွလက်တစုံကို နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းက တွေ့ရှိ ဆယ်ယူခဲ့ပါတယ်။
လက်မောင်းအရင်းကနေ ဖြတ်တောက်ခံထားရပြီး အမျိုးသမီးတဦးရဲ့ ဘယ် ညာ လက်တစုံလို့ ယူဆရကာ ပီနံအိတ်ထဲ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမပါဘဲ မြစ်အတွင်း မျောပါလာတာလို့ ဘော်ပြင်းကျေးရွာ အုပ်ချုပ်ရေးမှုး ဦးစောမောင်က ပြောပါတယ်။
"မနေ့က နေ့လယ်ပိုင်း ရှဉ်းရှည်ရွာက ရွာသားတဦးက ဒီအိတ်ကို မြစ်ဘေးမှာ နွားစာရိတ်ရင်း တွေ့လို့ အကြောင်းကြားတယ်။ ဒါနဲ့ ကန်စခန်းမှူးကို ဖုန်းဆက် အကြောင်းကြားပြီး တံတားကနေ စောင့်တာပေါ့။ စက်လှေနဲ့လည်း နောက်ကလိုက်တာပေါ့။ ညနေ ၆ နာရီကျော်ကျော်မှာ တွေ့တာပဲ။ လက်တစုံပဲပါတယ်။ ကျန်တာတော့ ဘာမှမပါဘူး။ လောလောဆယ်တော့ စစ်ဆေးနိုင်အောင် ဂန့်ဂေါဆေးရုံကို ပို့ထားပါတယ်။"
လက်ချောင်းတွေ အားလုံးအစုံ ပါဝင်ပြီး ပြတ်ရှဒဏ်ရာတချို့နှင့် ညိုမည်းဒဏ်ရာတွေတော့ တွေ့ရှိရကာ လက်ဝတ်လက်စား တစုံတရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က ဘော်ပြင်းရွာနဲ့ ၁၀ မိုင်ခန့်အကွာ မြစ်သာမြစ်အထက်ပိုင်း မြင်းဇာကျေးရွာက အသက် ၅၀ အရွယ် အမျိုးသမီးတဦး တဖက်ကမ်းက မောက်လင်းကျေးရွာကို အလည်သွားရာက ဒီနေ့အထိ ပြန်မလာတာလည်း ရှိနေပါတယ်။
အခုတွေ့ရှိရတဲ့ လက်တစုံက ပျောက်ဆုံးနေတဲ့ အမျိုးသမီးဖြစ်သူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဟုတ်၊ မဟုတ် မသိရသေးတဲ့အတွက် စစ်ဆေးနိုင်အောင် ဂန့်ဂေါမြို့ ပြည်သူ့ဆေးရုံကြီးကို တာဝန်ရှိသူတွေက သွားရောက်ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုတော့ ဒီဗွီဘီက ဆက်သွယ် စုံစမ်းနေဆဲ ဖြစ်ပါတယ်။