Home
မြန်မာသတင်း
စိတ်မမှန်သူ ၁ ဦးက ကလေးငယ်ကိုသစ်သားတုတ်ဖြင့်လည်ပင်းညှစ်၊ အိမ်နီးချင်းများဝိုင်းဖမ်း
DVB
·
November 29, 2019
78116355_2511408609102549_4777882616919490560_o
ရေနံချောင်းမြို့၊ ညောင်လှရွာသစ်ရပ်ကွက်မှာ မနေ့က ရဲစခန်းက ထွက်ပြေးလွတ်မြောက်လာ တဲ့ စိတ်မမှန်တဲ့ အမျိုးသားတဦးက ကလေးငယ် တဦးရဲ့ လည်ပင်းကို သစ်သားတုတ်နဲ့ ညှစ်ဖိထားတဲ့အတွက် အိမ်နီးချင်းတွေက ဝိုင်းဖမ်းဆီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီကျော်လောက်က နေအိမ်မှာ ‌ဆော့ကစားနေတဲ့ ၅ နှစ်အရွယ် ယောကျ်ားကလေးကို အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသားတဦးက ကလေးငယ်ရဲ့ လည်ပင်းကို သစ်သားတုတ်နဲ့ ညှစ်ဖိထားတာကို မြင်တွေ့ရတဲ့အတွက် အိမ်နီးချင်း အမျိုးသမီး တဦးက မြင်ပြီး  ပတ်ဝန်းကျင်က ဖမ်းဆီးခဲ့တာပါ။ အဆိုပါ အမျိုးသားဟာ ဆင်ပေါင်ဝဲမြို့နယ် သာဂီအုပ်စု၊ လက်ယက်ကျေးရွာနေ ဦးဝင်းလွင် ၃၇ နှစ်ဖြစ်ပြီး စိတ်ပုံမှန် မဟုတ်တဲ့ အ‌ခြေအနေဖြစ်နေတဲ့အတွက် စခန်းမှာ ခေတ္တထိန်းသိမ်းထားစဉ် မနက် ၁၀ နာရီလောက်က ထွက်ပြေးသွားတဲ့အတွက် ရဲတပ်သား နှစ်ဦးမှ လိုက်လံဖမ်းဆီးခဲ့ပေမယ့် သစ်သားတုတ်နဲ့ပြန်လည် ခုခံကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။  လွတ်မြောက်သွားပြီးနောက် ညောင်လှရပ်၊ ရွာသစ်ရပ်ကွက်နေ ရာအိမ်မှူး ဦးကျော်ဦး နေအိမ်သို့ဝင်ကာ နေအိမ်အောက်ထပ်မှာ ဆော့စကားနေတဲ့ ဦးကျော်ဦးရဲ့ သား ၅ နှစ်အရွယ် ကလေးကို မိဘတွေမရှိခိုက် လည်ပင်းကို သစ်သားတုတ်နဲ့ ဖိထားပြီး ကလေးက အော်တဲ့အတွက် အိမ်နီးချင်းဖြစ်သူ မငြိမ်းအိမွန်က စတင်မြင်တွေ့ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခံတဲ့ အတွက် ရပ်ကွက်နေ ပြည်သူတွေ ဝိုင်းဖမ်းမိတာလို့ ညောင်လှနယ်မြေ ရဲစခန်းက သိရပါတယ်။ ရွာသစ်ရပ်ကွက်နေ အိမ်နီးချင်းဖြစ်သူ မငြိမ်းအိမွန် က "ကျမက အိမ်ရှေ့မှာ ရပ်နေတာ၊ သူတို့က ကယ်ကြပါလို့ လှမ်းခေါ်တော့ ကျမ အိမ်ထဲဝင်သွားတယ်။ ကုတင်ပေါ်မှာ ကလေးဖမ်းတဲ့ သူက။ ကလေးကို ရင်ခွင်ထဲမှာ ထဲ့ပြီး ဂုတ်ကို၊ လည်ပင်းကို ပျဉ်ပြားတုန်းကြီးနဲ့ ညစ်တာ။ ကလေးက ထမင်းလုံးတွေကော၊ အချွဲတွေကော၊ လျာကြီးထွက်နေတာ။ ဘေးလူတွေက နင်မဝင်နဲ့ မိန်းကလေး ဆိုပြီးတော့။ ကျမပြေးဝင်ပြီးတော့ ဘယ်ဘက်ပါးအခြမ်းကို နှစ်ချက်ကန် လိုက်တော့ သူက လွတ်သွားတယ်" လို့ ပြောပါတယ်။ အသက် ၅ နှစ်အရွယ် ကလေးဟာ လည်ပင်းညိုမဲပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ)၊ မငြိမ်းအိမွန် ၁၉ နှစ်က ညာဘက်တင်ပါးပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ)၊ ရရှိခဲ့ပြီး စိတ်မနှံ့သူ  ဦးဝင်းလွင် ၃၇ နှစ်ကတော့ ဝိုင်းဝန်းဖမ်းစဉ်မှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ ဝဲဘက်နှုတ်ခမ်းအပေါ် ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) စတဲ့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဦးဝင်းလွင်ဟာ စိတ်မူမမှန်တဲ့ အနေအထား တွေ့ရှိရတဲ့အတွက် နေ့လယ် ၃ နာရီခွဲလောက်မှာ ညောင်လှနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် နေမင်းထွန်း ဦးဆောင်တဲ့ ရဲတပ်ဖွဲ့က မကွေးမြို့ ပြည်သူ့ဆေးရုံ စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်ပြသဖို့ ဆောင်ရွက်ထားတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။ သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024