ပဲခူးရွှေပြည်ဥယျာဉ်တွင် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြိုင်ပွဲနှင့် အရောင်းပွဲကျင်းပ
စိုးမိုးအောင်
·
November 29, 2019
သစ်သားပန်းပုရုပ်တု ၁၀၀၀၀ ကျော်ပါဝင်ပြသမယ့် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနဲ့ အရောင်းပွဲတော်ကို နိုဝင်ဘာ ၂၉ ရက်ကနေ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပနေပါတယ်။
အခုပြပွဲမှာ သောင်းနဲ့ချီတဲ့ ပန်းပုရုပ်တုတွေအပြင် ပဲခူးမြန်မာ့လက်မှုပညာ သမ ဝါယမအသင်း ၃ သင်းက ထုလုပ်ထားတဲ့ သစ်သားပန်းပုတွေ၊ ပန်းပုပညာရှင်တွေရဲ့ ပန်းပုရုပ်တွေ ခင်းကျင်းပြသထားပါတယ်။
နာဂစ်မုန်တိုင်းဖြစ်ပွားလို့ ပြိုလဲသွားတဲ့သစ်ပင်ကြီးငယ်တွေကို လက်ရှိအချိန်အထိ ပဲခူးရွှေပြည်အပန်းဖြေဥယျာဉ်မှာ အစိုးရခွင့်ပြုချက်နဲ့ ထုလုပ်ထားပါတယ်။
ပြန်လည်ထုလုပ်လို့ မရနိုင်တော့တဲ့ သစ်သားပန်းပုရုပ်တွေကိုတော့ ရောင်းချသွားမှာ မဟုတ်ဘဲ တန်ဖိုးကျပ် ၁၀၀၀၀ ဝန်းကျင်ကနေ တန်ဖိုး ကျပ်သိန်းရာနဲ့ချီရှိတဲ့ သစ်သားပန်းပုရုပ် ပါဝင်တယ်လို့ ပွဲကျင်းပရေး ကော်မတီဥက္ကဌ ဦးကြည်ဝင်းက ပြောပါတယ်။
"ဆရာတို့က ၇ ကြိမ်တိတိ ပန်းပုရုပ်တုတွေ မရောင်းချခဲ့ဘူး။ ခုတော့ ဥက္ကဋ္ဌကြီးက မြတ်နိုးသူတွေလက်ထဲကို အဲဒီပန်းပုရုပ်တွေအပ်နှင်းချင်တယ်"
ပဲခူးရွှေပြည် Resortမှာ ပန်းချီဆရာတွေ အနုပညာလက်ရာတိုးတက်စေဖို့ ပန်းပုပြိုင်ပွဲတွေ ကို ၂၀၀၉ ခုနှစ်ကနေ လက်ရှိအချိန်အထိ ပြိုင်ပွဲ ၇ ကြိမ်ကျင်းပထားပြီး ဆုရသူတွေကို စိစစ် ရွေးချယ်ကာ အလုပ်ပြန်အပ်တာကြောင့် မြန်မာ့ပန်းပုပညာ အလွန်တိုးတက်လာတယ်လို့လည်း ဆိုပါတယ်။
ပြိုင်ပွဲမှာတော့ စိတ်ကြိုက်လက်ရာ၊ လျှပ်တပြတ်နဲ့ မော်ဒန်အမျိုးအစားရုပ်တုတွေကို ထုလုပ်စေပြီး ဘာသာရေးဆိုင်ရာရုပ်တုတွေ၊ ရုပ်တူပန်းပုတွေနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျှော်ညီတာမျိုးတွေ မထုလုပ်ခိုင်းဘူးလို့ သိရပါတယ်။