ဦးစိုးထွန်းရှိန်ကို ၃ ကြိမ်မြောက်ရုံးထုတ်စစ်ဆေး
နေဖြိုးဝင်း
·
November 26, 2019
ဝရမ်းပြေးအဖြစ်ကြေညာခံရပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို ဒီနေ့ ရမည်းသင်းမြို့နယ်တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်ပါတယ်။
မြို့နယ်တရားသူကြီး ဦးဇောလင်းမောင်က “ဒီရုံးချိန်းမှာ တရားလို(ဦးအေးဇော်)ကို စွပ်စွံခံရသူ(ဦးစိုးထွန်းရှိန်)ဘက်က အပြန်အလှန် စစ်မေးတာပါ။ နောက်ရုံးချိန်းကို ဒီဇင်ဘာလ ၃ ရက်နေ့ ပြန်ချိန်းပြီး တရားလိုကို စွပ်စွဲခံရသူဘက်က ဆက်လက်ပြီး ပြန်လည်စစ်မေးတာကို ဆောင်ရွက်မှာပါ”လို့ ပြောပါတယ်။
ဦးစိုးထွန်းရှိန်ကို မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က) နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်း အထွေထွေမန်နေဂျာ ဦးအေးဇော်က တရားလိုအနေနဲ့ တရားစွဲဆိုထားတာပါ။
တရားလို ဦးအေးဇော်ကို အမှုစစ်ဆေးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် ဝန်ကြီးဌာနက ပြန်ကြားရေးအဖွဲ့ကိုသာ မေးမြန်းဖို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။