စစ်သုံ့ပန်း ၁၃ ဦးကို လဲလှယ်ရန် အေအေတပ်ဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ကမ်းလှမ်း
ဝဏ္ဏခွာညို
·
November 26, 2019
ရက္ခိုင့်တပ်တော်အေအေက ဖမ်းဆီးရမိထားတဲ့ တပ်မတော်သား စစ်သုံ့ပန်းတွေနဲ့ အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို လဲလှယ်လိုတယ်လို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ပလက်ဝမြို့နယ် ပကာဝရွာ၊ ကာရမချောင်းအနောက်ဘက် တောင်တန်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်မတော်သား ၁၃ ဦးကို အရှင်ဖမ်းမိထားတယ်လို့ စစ်သုံ့ပန်းတွေရဲ့ ဓာတ်ပုံနဲ့တကွ အေအေအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
အေအေပြောရေးဆိုခွင့်ရှိသူက ခိုင်သုခက “စစ်မြေပြင်က ဖမ်းဆီးရရှိထားတဲ့သူတွေ ရှိတယ်။ နောက်ပြီးတာဝန်နဲ့ သွားနေတဲ့အချိန်မှာ လမ်းမှာ ဖမ်းခံရမိထားတွေရှိတယ်။ ပုံစံအမျိုးမျိုးနဲ့ ကျနော်တို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း တွေပေါ့၊ အဲ့ဒါတွေကို အလဲအလှယ် လုပ်မယ်ဆိုတာကိုပြောတာ။ အခုထုတ်ပြန်ထားတဲ့ ၁၃ ယောက်အပါအဝင်ပေါ့၊ အမှုဖွင့်၊ တရားစွဲခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့လဲလိုတယ်။ တကယ်လို့ သူတို့ဘက်က လဲလှယ်လုပ်မယ်ဆိုရင်တော့ အဲ့ဒီအချိန်ကျလို့ ရှိရင်လိုအပ်ရင်တော့ အသေးစိတ် ထပ်ပြီးညှိရမှာပေါ့။”လို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့ နိုဝင်ဘာ ၂၀ ရက်ထုတ်ပြန်ချက်မှာတော့ အေအေနဲ့ တပ်မတော်အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တပ်မတော်က ၉ ဦးကျဆုံးပြီး အရာရှိ ဗိုလ် ၂ ဦး အပါအဝင် ၁၃ ဦးအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး မသိရှိဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
“ကျနော်တို့ ပလက်ဝအမြောက်ခြမ်းမှာ တိုက်ပွဲဖြစ်တာ မရှိဘူးခင်ဗျ။ တိုက်ပွဲဖြစ်တာဆိုလို့ မြေပုံမြို့နယ်ယောချောင်း တံတားဝန်းကျင်းမှာပဲ တိုက်ပွဲဖြစ်တာ။ အဲ့ဒါကြောင့်မို့ သူရဲ့ ထုတ်ပြန်ချက်ကတော့ မဟုတ်ပါဘူးခင်ဗျ။ မှန်ကန်မှုမရှိပါဘူး။ သူတို့ ထုတ်ပြန်တာကိုကျနော် လည်းတွေ့ပါတယ်။ မနေ့ကကျနော်တို့ အဲ့ဒီမှာတိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ သူတို့ထုတ်ပြန်ချက် က ကျနော်ထင်တယ်လေမှားတယ်လို့ဘဲပြောရမှာပေါ့။”
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ သုံ့ပန်းဥပဒေအညီအပြင် ရက္ခိုင့် တပ်တော်ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကောင်းကောင်းမွန်မွန် ဆက်လက်ထိမ်းသိမ်းတယ်လို့ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
နှစ်ဦးနှစ်ဖက် အကျိုးမယုတ်ရအောင် သုံ့ပန်းလဲလှယ်ဖို့ ကမ်းလှမ်းတာဖြစ်ပြီး လက်ခံမယ် မခံဘူးဆိုတာကတော့ အစိုးရနဲ့ စစ်တပ်ရဲ့ သဘောဖြစ်တယ်လို့လည်း ပြောပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အေအေဘက်က ဖမ်းဆီးထားတဲ့စစ်ဘက်နဲ့ သက်ဆိုင်သူ ၁၇ ယောက်နဲ့ အေအေနဲ့ဆက်စပ် တရားစွဲဆိုထားတဲ့သူတွေကို ကြားဝင်စေ့စပ်ပေးနိုင်တဲ့သူရှိရင် သုံ့ပန်းချင်း လဲလှယ်လိုတယ်လို့ အေအေအဖွဲ့က ပထမ အကြိမ် ကမ်းလှမ်းခဲ့ဖူးပါတယ်။
ဒီကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံတကာတပ်မတော်တွေမှာလည်း အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းတာမရှိလို့ မြန်မာ့တပ်မတော်နေနဲ့လည်း အကြမ်းဖက်သမားတွေနဲ့ ညှိနှိုင်းဆွေးနွေးသွားမှာမဟုတ်ဘူးလို့ ပြန်လည် တုံ့ပြန်ပြောကြားထားပါတယ်။