ဘန်ကောက်တွင်ပြသနေသည့် မြန်မာတပ်မတော်ပြခန်း ကာချုပ်သွားရောက်ကြည့်ရှု
DVB
·
November 19, 2019
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲမှာဝင်ရောက် ပြသနေတဲ့ မြန်မာ့တပ်မတော်ပြခန်းကို သွားရောက် ကြည့်ရှုအားပေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။
ဘန်ကောက်မြို့ပြင်ရှိ IMPACT Exhibition Center မှာ ကျင်းပတဲ့ဒီပြပွဲမှာ မြန်မာ့တပ်မတော်ပြခန်းအနေနဲ့ တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေက ထုတ်လုပ်တဲ့ စက်သေနတ်၊ ရိုင်ဖယ်၊ ဗုံးပစ်လောင်ချာတွေ အပါအဝင် စစ်လက်နက် ခဲယမ်းတွေကို ပထမဆုံးအကြိမ် ခင်းကျင်း ပြသတာဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး အလက်ဇန္ဒြားဖိုမင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနဲ့ ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ကမ္ဘောဒီးယား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတွေက တပ်မတော်အကြီးအကဲတွေနဲ့အတူ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပွန်ပီပတ် ဘန်ဘာစရီကိုတွေ့ဆုံပြီး နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေး။ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
အာဆီယံ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ Defence & Security 2019မှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံက ပြခန်းပေါင်း ၄၅၄ ခန်းကို ခင်းကျင်းပြသထားပါတယ်။
ဓာတ်ပုံ- CINCDS