မြောက်ဦး အိုးထိန်းကျေးရွာဆရာတော်ကို ပြန်လွှတ်ပေးရန် တောင်းဆို
ဝဏ္ဏခွာညို
·
November 18, 2019
ရခိုင်ပြည်နယ်၊ မြောက်ဦးအိုးထိန်းကျေးရွာက ဆရာတော်တပါးအပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနဲ့ ဒေသခံတဦးတို့ကို တပ်မတော်က ဖမ်းဆီးထားတာ နှစ်လနီးပါးရှိပြီဖြစ်ပေမဲ့ ပြန်မလွှတ်ပေးသေးလို့ မိသားစုဝင်တွေက စိုးရိမ်နေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့မှာ အိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော်တပါးနဲ့ အိုးထိန်းကျေးရွာက အုပ်ချုပ်ရေးမှူးတဦးနဲ့ ကားဒရိုင်ဘာတို့ကို တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီး ခေါ်ဆောင်ခဲ့တာပါ။
စက်တင်ဘာ ၂၀ ရက်နေ့က သူတို့ သုံးယောက်ဟာ ကျောက်ကျက်ကျေးရွာကဆရာတော်ကို ဆွမ်းစားပင်ဖို့ သွားရောက်ပင့်လျှောက်ရာကနေ လင်းမြွေတောင်အနီးမှာ တပ်မတော်စစ်ကြောင်း တခုကနေ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဖမ်းဆီးခံရပြီးနောက်တရက် စက်တင်ဘာ ၂၁ ရက်နေ့မှာ ရွာဟောင်းတော်ဆရာတော်ကြီး အပါအဝင် မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေက လမ်းမြွေတောင်က တပ်မတော်စစ်ကြောင်းကို သွားရောက်တွေ့ဆုံခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့ဘဲ ပြန်လှည့်ခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါ့ကြောင့် ဖမ်းဆီးခံထားရတဲ့သူတွေဟာ လက်လွန်ခြေလွန်ဖြစ်လို့ သေဆုံးသွားပြီးလား၊ အသက်ရှင်လျှက်ရှိနေလားဆိုတာကို ကွဲကွဲပြားပြား မသိရတဲ့အတွက် ပိုပြီးစိုးရိမ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာကနေ ဖမ်းဆီးထားတဲ့ ဆရာတော်တပါးအပါအဝင် သုံးဦးထဲမှာ အေအေ အဖွဲ့ဝင်တဦးပါဝင်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ၂၈ ရက်နေ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောထားပါတယ်။
တပ်မတာ်က အခုလို လက်လွတ်စပယ်လုပ်တာတွေမရှိဘူးလို့ အခုဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေနဲ့တွေ့ဆုံခွင့်ရဖို့ မြို့နယ်သံဃနာယကအဖွဲ့နဲ့ မိသားစုတွေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ နယ်လုံဝန်ကြီးဆီကို အသနားခံစာတင်ထားပေမယ့် ရေရာတဲ့တုံ့ပြန်ချက်ကို မရခဲ့ဘူးလို့ မိသားစုတွေကပြောပါတယ်။