Homeမြန်မာသတင်း
လွှတ်တော်အမတ် ဦးဝှေ့တင်း၏ အသက်အန္တရာယ်ကို စိုးရိမ်ဟု ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြော
လွှတ်တော်အမတ် ဦးဝှေ့တင်း၏ အသက်အန္တရာယ်ကို စိုးရိမ်ဟု ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ပြော
နေဖြိုးဝင်း
·
November 8, 2019
အေအေတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံနေရတဲ့ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တဲ့အကြောင်းနဲ့ ဖမ်းဆီးခံထားရတဲ့ ကိစ္စကို အလေးထားစောင့်ကြည့်နေတယ်လို့ ပြည်ထောင်စုလွှတ်တော် ဒုနာယက ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
"အန်ကယ်တို့ သေချာစောင့်ပြီး သတိထားကြည့်နေပါတယ်။ သူ့ရဲ့ အသက်အန္တရာယ်ကို လည်း အန်ကယ်တို့ပူပါတယ်။ အလေးထားပြီး အန်ကယ်တို့ ဆောင်ရွက်နေတယ်။ အထူးသဖြင့် အန်ကယ်တို့ဘက်က အမှားအယွင်းကြောင့် တခုခုဖြစ်သွားမှာလည်း စိုးရိမ်ပါတယ်"လို့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
ဖမ်းဆီးခံနေရသူဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လွှတ်တော်အနေနဲ့ ကိုယ်စားလှယ်ထိခိုက်နစ်နာသွားမယ့် ကိစ္စတွေ မပြုမိအောင် သတိထားစောင့်ကြည့်နေသလို တခြားကိုယ်စားလှယ်တွေကိုလည်း သတိနဲ့သွားလာဖို့ မှာထားတယ်လို့လည်း ပြောပါတယ်။
ချင်းပြည်နယ် မဲဆန္ဒနယ်(၁၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ အိန္ဒိယနိုင်ငံသားဝန်ထမ်း ၅ ဦး၊ စကားပြန် ၁ ဦး၊ ကြီးကြပ်သူ ၁ ဦး၊ စက်လှေမောင်းသူ ၂ ဦးတို့နဲ့အတူ နိုဝင်ဘာ ၃ ရက်နေ့က ပလက်ဝကနေ ကျောက်တော်ကို အမြန်ရေယာဉ်အသွား လမ်းမှာ အေအေ ရက္ခိုင်တပ်တော်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးခေါ်ဆောင်ပြီး တပ်မတော်နဲ့ ပတ်သက်မှုရှိမရှိ သိလိုတဲ့အတွက် ခေါ်ယူစစ်ဆေးနေတာလို့ အေအေအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အေအေအဖွဲ့က ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း အိန္ဒိယနိုင်ငံသား တဦး အမောဖောက်သေဆုံးခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့မှာ ဦးဝှေ့တင်းကလွဲလို့ ကျန်သူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။