ဆိုင်ကလုံးဘာဘ်ဘယ် ပိုအားကောင်း၊ မိုးနှင့် လေပြင်းအန္တရာယ်သတိပေးချက် မိုးဇလထုတ်ပြန်
ပြည့်ဘုန်းအောင်
·
November 8, 2019
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုံးမုန်တိုင်း ဘာဘ်ဘယ် ဟာ ပိုမိုအားကောင်းလာပြီး နောက် ၄၈ နာရီအတွင်း မြန်မာနိုင်ငံအနှံအပြား မိုးနဲ့လေပြင်း အန္တရာယ်ကျရောက်နိုင်တာကြောင့် သတိပြုရန်လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာ ၈ ရက်မနက်ပိုင်းမှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
မုန်တိုင်းရဲ့လက်ရှိလေတိုက်နှုန်းဟာ တစ်နာရီကို ၆၅ မိုင်နှုန်းဖြစ်ပြီး ရွှေ့လျားနှုန်းကတော့ တစ်နာရီကို ၆ မိုင်နှုန်းနဲ့ရွေ့လျားနေပါတယ်။
ဘာဘ်ဘယ်မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားမှာ နေရာကွက်ပြီး မိုးကြီး နိုင်ကြောင်းနဲ့ ရန်ကုန်၊ ဧရာဝတီ၊ မကွေးနဲ့ ရခိုင်တို့မှာ နောက် ၄၈ နာရီအတွင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးဇလဌာနကခန့်မှန်း ထုတ်ပြန်ထားပါတယ်။
ဒီမုန်တိုင်းရဲ့အရှိန်ကြောင့် နိုဝင်ဘာ ၆ ရက်ကစပြီး ဒေသတချို့မှာ မိုးစတင်ရွာသွန်းခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၈ ရက်မနက်မှာတော့ ရန်ကုန်ပါအဝင် ဒေသအနှံ့ မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။
ရာသီဥတု အခြေအနေကြောင့် ပြည်တွင်းလေကြောင်းလိုင်း ပျံသန်းရေးတွေ၊ မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်တလျှောက်တွေမှာ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်တွေ ကြိုတင်သတိပြု ဖို့လည်း မိုးဇလက သတိပေးထုတ်ပြန်ထားပါတယ်။