ငြိမ်းချမ်းရေးကော်မရှင်ကို သမ္မတက ပြောင်းလဲဖွဲ့စည်း
ပိုင်စိုး
·
November 6, 2019
ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကော်မရှင်ရဲ့အကြံပေးအဖွဲ့ဝင်တချို့ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမိန့်စာမှာ ငြိမ်းချမ်းရေးကော်မရှင်ကို ပြင်ဆင် ဖွဲ့စည်းတယ်လို့ ဆိုထားပြီး စာရင်းအရတော့ အဖွဲ့ဝင်တယောက်ပဲ ပြောင်းလဲသွားပါတယ်။
အမည်မဖော်လို့တဲ့ ကော်မရှင်အကြံပေး တဦးက “အရင်အဖွဲ့ဝင်အဖြစ်ပါခဲ့တဲ့ ဦးအောင်စိုး (သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)ကတော့ ပြန်ပါလာတာမတွေ့ရဘူး။ အဲဒီ နေရာမှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှမော်ဦးပါလာတယ်။ အကြံပေး အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ကြည်ကတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌဖြစ်ကတည်းက ငြိမ်းချမ်းရေးကော်မရှင်မှာ မလုပ်တော့ပါဘူး” လို့ ပြောပါတယ်။
အကြံပေးအဖွဲ့မှာပါလာတဲ့ ဦးမိုးဇော်ဦးကတော့ အခုနှစ် မေလမှာမှ အဖွဲ့ထဲကို ပါလာခဲ့တာ လို့လည်း သူက ပြောပါတယ်။
ဒါကြောင့် လက်ရှိကော်မရှင်မှာ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူးက အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်တွေအဖြစ် ဦးနိုင်ငံလင်း၊ ဒေါက်တာ အောင်ထွန်းသက်နဲ့ ဦးလှမော်ဦးတို့ ဖြစ်ပါတယ်။
ကော်မရှင်အကြံပေးအဖွဲ့မှာတော့ အရင်ကလို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားတာ မတွေ့ရဘဲ ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦးနဲ့ ဦးမိုးဇော်ဦး တို့ ဖြစ်ပါတယ်။ ပြီးတော့ အထောက်အကူပြုအဖွဲ့ကိုလည်း ၃ ယောက်နဲ့ ဖွဲ့ပေးထားပါတယ်။
အခုလို လူတချို့ ပြောင်းလဲလိုက်တာကလွဲလို့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန် စတာတွေ ကတော့ ပြောင်းလဲတာ မတွေ့ရဘူးလို့ ကော်မရှင်အကြံပေးက ပြောပါတယ်။
အခု ငြိမ်းချမ်းရေးကော်မရှင်ကို သမ္မတဦးထင်ကျော်လက်ထက်က ဖွဲ့ခဲ့တာဖြစ်ပြီး အဲဒါကို လူအစားထိုး ပြင်ဆင်လိုက်တာပါ။ အရင်ကဖွဲ့စည်းခဲ့တဲ့ အမိန့်စာရော၊ အခု ပြင်ဆင်တဲ့ အမိန့်စာကိုရော သမ္မတရုံးရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာတော့ ဖော်ပြထားတာ မရှိပါဘူး။