ကထိန်ခင်းရန်သွားသည့်ဘတ်စ်ကား သပိတ်ကျင်းတွင် တိမ်းမှောက်၊ လူ ၁၃ ဦးသေ ၂၇ ဦးဒဏ်ရာရ
DVB
·
November 5, 2019
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာ အနီးမှာ နိုဝင်ဘာ ၅ ရက် မနက်အစောပိုင်းက မော်လမြိုင်မြို့ကနေ ကထိန်ခင်းဖို့လာတဲ့ Express ကားနှစ်စီး တိမ်းမှောက်ပြီး ခရီးသည် ၁၃ ဦးသေဆုံးခဲ့ပါတယ်။
တိမ်းမှောက်တဲ့ Express ကား ၂ စီးအနက် တစီးက လူအသေအပျောက်မရှိခဲ့ဘဲ ကျန်တစီးက လူ ၁၃ ဦးသေဆုံးပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) က အတည်ပြုပါတယ်။
ဒဏ်ရာရတဲ့သူတွေထဲက စိုးရိမ်ရသူတွေကို မန္တလေးဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး မစိုးရိမ်ရသူ တွေကို သပိတ်ကျင်းဆေးရုံမှာ ပို့ထားပါတယ်။
ကထိန်ခင်းဖို့ယာဉ်သုံးစီးနဲ့ သွားရာမှာ အလယ်ကတစီးက အရင်မှောက်သွားတာဖြစ်ပြီး နောက်ဆုံး တစီးကတော့ လမ်းချော်ကာ သစ်ပင်ကို ဝင်တိုက်တာလို့ သိရပါတယ်။
သစ်ပင်ကိုဝင်တိုက်တဲ့ ကားပေါ်မှာတော့ အသေအပျောက်မရှိဘူးလို့ မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး ကော်မတီ) ဥက္ကဋ္ဌ ဦးလှိုင်မင်းဦး က ပြောပါတယ်။
မော်လမြိုင်မြို့ ဟိတဓရ ဓမ္မစကူးအဖွဲ့က စစ်ကိုင်းတိုင်းဒေသကြီး ဇလုံတောင်မှာ ကထိန်ခင်းဖို့ သွားရောက်ရာက အခုလိုဖြစ်တာလို့ သိရပါတယ်။
ယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်းကို ပုဒ်မ အမှုဖွင့်ထားတယ်လို့ သပိတ်ကျင်း မြို့မရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။