ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းရဲ့ အရှေ့ဘက်ကျောင်းတောင်ကျေးရွာက နေအိမ်ခြံဝန်းတခုထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်ထဲက အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိသားစုတွေက ပြောပါတယ်။
နိုဝင်ဘာ ၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က နေအိမ်အတွင်း ကွမ်းရွက်စည်းနေတဲ့ အမျိုးသမီးတဦးနဲ့ ပေ ၅၀ ကျော်လောက်အကွာမှာ လက်နက်ကြီးကျည်တလုံး ကျရောက် ပေါက်ကွဲတာဖြစ်ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးရဲ့ခင်ပွန်း ဦးဇော်သန်းက “ကျနော်တို့ မိသားစုတွေ ထိုင်ပြီး စကားပြောနေကြတာ။၁၂ နာရီခွဲလောက်မှာဖြစ်မယ်။ အဲ့ဒီမှာ လက်နက်ကြီးကျည်က ထိသွားတာ။ ပေါင်မှာထိသွားတာ။ အဲ့ဒီလက်နက်ကြီးတွေ မနက်တည်းကနေ ပစ်ခတ်နေတာ။ ဘယ်ကိုပစ်တယ်တော့ မသိဘူး။ဒါပေမယ့် ဒီလက်နက်ကြီးက အိမ်ဝန်းထဲကို လာကျတယ်။”လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူဟာ အသက် ၃၄ နှစ်ရှိ ဒေါ်မဋ္ဌေးလေးဖြစ်ပြီး မြောက်ဦးဆေးရုံကို ပို့ဆောင် လိုက်တယ်လို့ ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်က ဒီဗွီဘီကို ပြောပါတယ်။
“လက်နက်ကြီးက မနက်ကတည်းက မြောက်ဦးဘက်က ဆက်တိုက်ပစ်နေတာ၊ အလုံး အရေအတွက် ရေမရတော့ဘူး။ ဒဏ်ရာရသွားလို့ မြောက်ဦးဆေးရုံကို ပို့လိုက်တယ်”လို့ ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းစလို့ မြောက်ဦးနဲ့ ပန်းမြောင်းဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် လို ပစ်ခတ်နေတာတွေရှိတယ်လို့ မြောက်ဦးဒေသခံတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ “အဲ့ဒါတော့ ကျနော်မကြားမိဘူး။ ကျနော်ဘာမှ မကြားမိသေးဘူး။ ပစ်ခတ်တာလည်း ဘာမှာမရှိဘူး ဒီနေ့” လို့ ပြောပါတယ်။
သတင်း- ဝဏ္ဏခွာညို