ဘားအံမြို့ ကျူးကျော်ဆိုင်ခန်းများကို စည်ပင် ဖယ်ရှား
DVB
·
November 1, 2019
ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် ၂ မဲဘောင်စျေး အရှေ့လမ်းဘေးက ကျူးကျော်ဈေး ဆိုင်ခန်း ၈ ခန်းကို နိုဝင်ဘာ ၁ ရက်မနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့က အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။
ဆိုင်ခန်းပိုင်ရှင်တွေကို အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား ဖယ်ရှားပေးဖို့ စည်ပင်က သတိပေးစာပို့ခဲ့နောက် အခုလို ဖယ်ရှားရှင်းလင်းခဲ့တာလို့ သိရပါတယ်။
ဘားအံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ စျေးနဲ့သားငါးဌာနစိတ်၊ ဒုဦးစီးမှူး ဒေါ်နန္ဒာဇော်ဝင်းက “ဒီနေရာက လမ်းဧရိယာပါ။ လမ်းဧရိယာဆိုတော့ ဘယ်သူမှ စျေးရောင်းခွင့်မရှိဘူး။ သူတို့စရောင်းကတည်းက နို့တစ်စာပို့ပြီး ဖယ်ရှားဖို့ သတိပေးပြီးသားပါ။ ပြည်သူတွေ စားဝတ်နေရေး အခက်အခဲကိုလည်း သိပါတယ်။ စည်းကမ်းဉပဒေအရ ဆောင်ရွက်ရတာ” လို့ ပြောပါတယ်။
ဘားအံမြို့ အမှတ် ၉ ရပ်ကွက်နေ မဇင်သူထက်က “ဘာပဲဖြစ်ဖြစ်ပေါ့၊ ကျမတို့ မိသားစုအခြေအနေနဲ့ အခုဆိုရင် လောလောဆယ်ဆယ် တဲဖျက်ရမယ်ဆိုတော့ ဒုက္ခဖြစ်ပြီး စားဝတ်နေရေးက အဆင်မပြေဘူး” လို့ ပြောပါတယ်။
ဘားအံ-လှိုင်းဘွဲသွားကားလမ်းပေါ်ရှိ အမှတ် ၂ မဲဘောင်စျေး ရှေ့မှာ သစ်သီးစုံ၊ ကွမ်း၊ ရောင်းချနေတဲ့ ဆိုင်ခန်းတွေကြောင့် ခရီးသွားပြည်သူတွေ၊ စျေးသွားစျေးဝယ်တွေနဲ့ ယာဉ် အသွားအလာရှုပ်ထွေးပြီး ယာဉ်တိုက်မှုအန္တရာယ်တွေ စိုးရိမ်ရတဲ့အပြင် နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုတွေ ကြုံတွေ့နေရတယ်လို့ အနီးအနားနေထိုင်သူတွေက ပြောပါတယ်။
စည်ပင်သာယာရေးအဖွဲ့က အကြိမ်ကြိမ်အသိပေးစာ ပေးပို့အသိပေးထားပြီး ဖြစ်သလို ရှင်းလင်း ဆောင်ရွက်ရာမှာ မဖယ်တဲ့သူတွေကို ပြည်နယ်စည်ပင်ယာရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
သတင်း- ရဲမင်းခေါင်