ရှေ့နေဦးကြီးမြင့်ပါ ၃ ဦးကို တပ်မတော် တရားစွဲဆို
ပြည့်ဘုန်းအောင်
·
November 1, 2019
ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ရှေ့နေ ဦးကြီးမြင့်၊ ကဗျာဆရာစောဝေနဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်တို့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ကော့သောင်း မြို့နယ်တရားရုံးမှာ တပ်မတော်က တရားစွဲ ဆိုလိုက်တယ်လို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့မေလအတွင်းက တနင်္သာရီတိုင်းမှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံကြိုဆိုပွဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာအောင် ပြောဆိုခဲ့တာတွေကြောင့်ဆိုကာ ကော့သောင်းမြို့နယ် ခမောက်ကြီး တပ်နယ်က ဒုဗိုလ်မှူးကြီး ဇော်ဇော်က ကော့သောင်းတရားရုံးကို ဦးတိုက်လျောက်ထား တရားစွဲဆိုခဲ့ပြီး တရားရုံးက အမှုကို အောက်တိုဘာ ၃၁ ရက်နေ့မှာ လက်ခံခဲ့ပါတယ်။
“အဲ့ဒီပွဲမှာ ဘာကိုမှ လွန်လွန်ကျူးကျူး မပြောခဲ့ဘူး။ ပြီးတော့ အဲ့ဒီပွဲက အာဏာရပါတီက လုပ်တဲ့ပွဲမှာ မိနစ် ၂၀ လောက်ကိုပဲ ဟောပြောခဲ့တာ၊ ပြောတဲ့အကြောင်းကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူတွေက ဘယ်လိုတွေ ဆွဲခဲ့တယ်၊ ပြည်သူကို ကိုယ်စားမပြုခဲ့ဘူး၊ ဒါ့ကြောင့်ပြည်သူကို ကိုယ်စားပြုတဲ့ အခြေခံဥပဒေကို ပြန်ဆွဲရမယ်၊ လက်ရှိ တပ်မတော်ကို ထိခိုက်စေတာ ဘာတခုမှ မပြောခဲ့ဘူး၊ ပုဂ္ဂိုလ်ရေး နာမည်လည်း တပ်မပြောခဲ့ဘူး” လို့ ဦးကြီးမြင့်က ပြောပါတယ်။
ဒါ့အပြင် အခုလို တပ်မတော်က တရားစွဲဆိုမှုဟာ ဥပဒေပါ အခွင့်အရေးမရဘဲ နစ်နာမှုတွေ များစွာ ရှိနေတယ်လို့ ဦးကြီးမြင့်က ဆက်ပြောပါတယ်။
“ဒီလိုအမှုမျိုးကို တရားရုံးကို ဦးတိုက်လျောက်ရင် တရားရုံးက တန်းလက်မခံရဘူး။ တဖက်စွပ်စွဲခံရတဲ့သူတွေကို ဆက်သွယ်ပြီး ဖြေရှင်းချက်တောင်းရတယ် ပြီးတော့မှ နှစ်ဖက်ကို စဉ်းစားပြီးတော့မှ လက်ခံ မခံကို ဆုံးဖြတ်ရတာ ခုက တရားရုံးက ဒီဘက်ကို ဘာမှမပြောပဲ တန်းပြီး အမှုကိုလက်ခံလိုက်တော့ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၀၂အရ ဥပဒေပါ အခွင့်အရေးမရဘူး ဖြစ်နေတယ်လို့” ဆိုပါတယ်။
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ်ထိ ချမှတ်နိုင်ပြီး အာမခံမရတဲ့ပုဒ်မပါ။ တရားစွဲဆိုခံထားရတဲ့ ၃ ဦးထဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကတော့ လက်တလောမှာ တပ်မတော်ရဲ့တရားစွဲဆိုထားမှုကြောင့်ပဲ ထောင်ဒဏ်ချခံနေရ ပါတယ်။