မြန်မာလုပ်သားထောင်ချီလုပ်ကိုင်နေသည့် ထိုင်း ခရီးသွားအိတ်စက်ရုံ ရုတ်တရက်ပိတ်သိမ်း
နန်းမြနဒီ
·
November 1, 2019
ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း၊ ချွန်းပူရီခရိုင်၊ ဆီရီလားချားမြို့နယ် လဲမ်ချဘန်း စက်မှုဇုန်ထဲက မြန်မာရွေ့ပြောင်းလုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေတဲ့ High Trend ခရီးသွားအိတ်ထုတ်လုပ်ရေး စက်ရုံဟာ အောက်တိုဘာ ၃၁ ရက်က စတင်ပိတ်သိမ်းလိုက်ပါတယ်။
လုပ်ငန်းတွေအရှုံးပေါ်နေလို့ လုပ်ငန်းပိတ်သိမ်းလိုက်ပြီလို့ စက်ရုံကပြောလိုက်တာကြောင့် အလုပ်သမားတွေအနေနဲ့ စိုးရိမ်ပူပန်ပြီး လိုအပ်သလို ကူညီပေးဖို့အကြောင်းကြားလာတယ်လို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ နေ့လယ် ၂ နာရီလောက်မှာ လုပ်ငန်းရှင်က သူ့ရဲ့ကုန်ထုတ်လုပ်မှုတွေဟာ မအောင်မြင်တော့ဘူး လုံး၀ကို အရှုံးပေါ်နေတဲ့အတွက်ကြောင့် အလုပ်ရုံလုံး၀ရပ်နားလိုက်ပါပြီလို့ လုပ်သားတွေကို ကြေညာလိုက်တာပါခင်ဗျ။ အဲဒီမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာစတဲ့ အလုပ်သမားပေါင်း နှစ်ထောင်ကျော်ရှိတယ်။ အများစုက မြန်မာနိုင်ငံသားတွေပေါ့နော်၊ မနေ့ညက သူတို့နဲ့ ဆွေးနွေးလမ်းညွှန်ခဲ့တယ်။ အပြစ်မရှိဘဲ အလုပ်ထုတ်ခံရရင် အလုပ်ရှင်ဆီက နစ်နာကြေး တွေ ပြန်တောင်းဖို့ပေါ့၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့ အလုပ်ရှင်နဲ့ သူတို့ညှိနှိုင်းနေ ကြတယ်။ အခက်အခဲရှိရင် ကျနော်တို့ ဝင်ကူပါမယ်။ ဒီနေ့တော့ အခြေအနေစောင့်ကြည့်နေတုန်းပဲ”
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက် ထိုင်း- မြန်မာသံရုံးက မြန်မာအလုပ်သမားသံအရာရှိ တွေလည်း သွားရောက်ညှိနိုင်းပေးနေတယ်လို့ သံရုံးဝန်ထမ်းက ဒီဗွီဘီကို ပြောပါတယ်။
“အလုပ်သမားတွေအနေနဲ့ အခုလို အလုပ်ပြုတ်သွားတယ်ဆိုရင် ဥပဒေအရ သူတို့ လုပ်သက်အပေါ်မူတည်ပြီး အလုပ်ရှင်က နစ်နာကြေးပေးရမှာပါ။ ဥပမာ ရက်ပေါင်း ၁၂၀ သို့မဟုတ် ၄ လ လုပ်သက်ရှိ သူ အလုပ်သမား တဦးဟာ ရက်ပေါင်း ၃၀ စာ လုပ်အားခ အလျော်ရမှာဖြစ်ပြီး လုပ်သက် ၁ နှစ်မှ ၃ နှစ်တွင်းရှိရင် ရက်ပေါင်း ၉၀ စာ ရရှိရမှာဖြစ်တယ်”လို့ ဦးအောင်ကျော်က ပြောပါတယ်။
အဲဒီနောက် အလုပ်သမားတွေဟာ အလုပ်သမားကတ်သက်တမ်း၊ ဗီဇာသက်တမ်းတွေလည်း ရှိနေသေးတယ်ဆိုရင် နောက်ထပ်အလုပ်အကိုင်သစ် ပြန်လုပ်နိုင်ဖို့ ထိုင်းမြန်မာသံရုံးကို အကူအညီတောင်းဖို့ အကြံပေးခဲ့တယ်လို့ ဦးအောင်ကျော်က ပြောသွားပါတယ်။
ထိုင်းမှာအောက်တိုဘာလ ၂၅ ရက်ကလည်း လယောင်းခရိုင် လယောင်းမြို့နယ်ရှိ SRF Industries (Thailand) ကုမ္ပဏီပိုင် မော်တော်ကားအပိုပစ္စည်းစက်ရုံ ပိတ်သိမ်းခဲ့တာကြောင့် အလုပ်သမားပေါင်း ၄၂၀ အလုပ်ပြုတ်ခဲ့ရတယ်လို့ ထိုင်းဘီပီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
ခုရက်ပိုင်း အမေရိကန်နိုင်ငံက ၂၀၂၀ ဧပြီလကစပြီး ထိုင်းနိုင်ငံကနေ တင်သွင်းနေတဲ့ကုန်ပစ္စည်း အမျိုးအစားပေါင်း ၅၀၀ ကျော်ကို အခွန်ကင်းလွတ်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ကြေညာခဲ့တာကြောင့် နောင်နှစ်မှာ စက်ရုံတော်တော်များ အရှုံးပေါ်ဖွယ်ရှိပြီး အလုပ်လက်မဲ့ဦးရေ ၅ သိန်းကနေ ၆ သိန်းထိ ရှိနိုင်တယ်လို့ နိုင်ငံတကာ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ ခန့်မှန်းထားပါတယ်။
ဓာတ်ပုံ - Labour Hittai