မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ စတင်ဖွင့်လှစ်
DVB
·
October 30, 2019
မြန်မာ၊ ထိုင်းနဲ့ အာရှနိုင်ငံတွေအကြား ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်နိုင်ဖို့အတွက် မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် ၂ တံတားကို အောက်တိုဘာ ၃၀ ရက် ဒီနေ့ မနက် ၉ နာရီမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
ချစ်ကြည်ရေးတံတားအမှတ်(၂)ဖွင့်ပွဲမှာ ထိုင်းကုန်တင်ကားကြီး ၃ စီးနဲ့ မြန်မာ ကုန်တင်ကားကြီး ၃ စီးနဲ့ နှစ်နိုင်ငံ သွားလာမှု စတင်လိုက်တာပါ။
တံတားဖွင့်ပွဲမှာ ထိုင်းနိုင်ငံဘက်က ပို့ဆောင်ရေးဝန်ကြီး စဆရမ်ချစ်ချော့က ဦးဆောင်ပြီး လမ်းဦးစီးဌာန၊ အကောက်ခွန်၊ လဝကနဲ့ စစ်တပ်အပါအဝင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ကြပြီး မြန်မာနိုင်ငံဘက်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဦးဆောင်တက်ရောက်ပါတယ်။
ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ပို့ဆောင်ရေးဝန်ကြီး စဆရမ်ချစ်ချော့က “မြန်မာ-ထိုင်း ကုန်စည်ပို့ဆောင်ရေးမှာ လျှင်မြန်စွာ ပို့ဆောင်နိုင်ဖို့အတွက် ဖြစ်တယ်။ နယ်စပ်ကုန်စည်ပို့ရာမှာ ဝင်ငွေတွေ တိုးတက်လာတာမျိုးရှိပါတယ်”လို့ ပြောပါတယ်။
မဲဆောက်- မြဝတီနယ်စပ်မှာ တံတား အမှတ် ၁ ကနေ အရင်က ကားအဝင်အထွက် တနှစ် အစီးရေ ၂၃၀၀၀ ရှိပြီး တရက်ကို ကားအစီးရေ ၆၃၀ အဝင်အထွက်ရှိတယ်လို့ သိရပါတယ်။ လတ်တလောဖွင့်လှစ်ထားတဲ့ တံတားသစ်ကနေ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်တင်ကားကြီး တနိုင်ငံကို အစီး ၁၀၀ ဖြတ်သန်းသွားလာခွင့် ပြုဖို့ နှစ်နိုင်ငံ သဘောတူထားပါတယ်။
အခုဖွင့်လှစ်လိုက်တဲ့ တံတားသစ်ကနေ ထိုင်းကုန်တင်ကားတွေဟာ မြဝတီမှ မော်လမြိုင် အထိ ကုန်စည်တွေ သွားရောက်ပို့ဆောင်နိုင်မှာဖြစ်သလို မြန်မာကုန်တင်ကားကြီးတွေလည်း မဲဆောက်မှ မွန်ဒါဟန်နဲ့ မဲဆောက် လန်ချဘန် အထိ ကုန်စည်ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)နဲ့ လမ်းတံတား အဆောက်အဦတွေ တည်ဆောက်ဖို့ ထိုင်းအစိုးရက ဘတ်ငွေသန်းပေါင်း ၄၃၀၀၀ အကုန်အကျခံထားတာ ဖြစ်ပါတယ်။
သတင်း - ဖိုးစီ၊ ဓာတ်ပုံ - သန့်ဇင်အောင်