Home
မြန်မာသတင်း
ဖျာပုံခရိုင် ပင်လယ်ပြင်လုပ်ငန်းခွင်၌  ကျားဖောင်ဦးစီးကို ရေလုပ်သားက ငါးခွဲဓားဝိုင်းဖြင့် ထိုးသတ်
DVB
·
October 30, 2019
74570744_790488424739220_7547231577525190656_n
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပင်လယ်ပြင်လုပ်ငန်းခွင်မှာ ကျားဖောင်ဦးစီးကို မကျေမနပ်လို့ ဖောင်နောက်လိုက်ဖြစ်သူရေလုပ်သား တဦးက  ငါးခွဲဓားဝိုင်းနဲ့ ထိုးသတ်မှု ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဖျာပုံမြို့မ ရဲစခန်းက သိရပါတယ်။ အောက်တိုဘာ ၂၆ ရက် ညက ရန်ကုန်တိုင်း၊ သန်လျှင်မြို့နယ်၊ ဇီးကုန်းကျေးရွာအုပ်စုနေသူ ရေလုပ်သား ချစ်ဦးက သူ့ကိုဆဲဆို ရိုက်နှက်တာကို မကျေနပ်တဲ့အတွက် ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာနေ ကျားဖောင်ဦးစီး ကျော်မင်းထွန်း အိပ်ပျော်နေစဉ်အသွား ၁၄ လက်မ၊ ဗြက် ၃ လက်မခန့်ရှိ ငါးခွဲဓားဝိုင်းနဲ့ ထိုးသတ်ခဲ့တာပါ။ ဖောင်ဦးစီး ကျော်မင်းထွန်းမှာ ယာဘက်ရင်ဘတ်အောက်ပိုင်းမှာ ၃ လက်မခန့် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်ရင်ဘက်အောက်ပိုင်းမှာ ၃ လက်မခန့်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်မှာ ၃ လက်မခန့်ထိုးသွင်းဒဏ်ရာ ၁ ချက်နဲ့ ဝဲဘက်နံဘေးမှာ လက်မဝက်ခန့် ထိုးသွင်းဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။ လူသတ်မှုနဲ့ ပတ်သက်ပြီး သေဆုံးသူဖောင်ဦးစီးရဲ့ ဇနီးဖြစ်သူက ဥပဒေအရအရေးယူပေးဖို့ တိုင်တန်းခဲ့တဲ့အတွက် ဒေါ်ညိမ်းနယ်မြေ စခန်းမှူးရဲအုပ်ကျော်မြင့်နိုင်က ဖောင်လုပ်သား ချစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၂နဲ့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့  ဖျာပုံမြို့မ ရဲစခန်းက သိရပါတယ်။ ကျော်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024