ဈေးကွက်လက်ဝါးကြီးအုပ်မှုများ ရှိပါက ယှဉ်ပြိုင်မှုကော်မရှင်ထံ တိုင်ကြားနိုင်
စိုးမိုးအောင်
·
October 28, 2019
ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဈေးကွက်ကို ထိန်းချုပ်မှုတွေရှိလာရင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို တိုင်ကြားနိုင်တယ်လို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စျေးကွက်လက်ဝါးကြီးအုပ်မှုတွေ ဖြစ်လာရင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို အထောက်အထား အပြည့်အစုံ တင်ပြပြီး တိုင်ကြားနိုင်သလို အပြစ်ရှိပါက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ အပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။
စျေးကွက်လက်ဝါးကြီးအုပ်တာဟာ ကုန်ပစ္စည်းတခုကို ကုန်သည်ကြီးတွေက အားလုံး ဝယ်ယူပြီး ဈေးကြီးအောင် တမင်ထိန်းချုပ်တာ၊ ကုန်သည်အချင်းချင်း အပြိုင်အဆိုင် ဈေးလျှော့ရောင်းချတာနဲ့ အချင်းချင်း ဈေးညှိရောင်းချတာတွေ လုပ်တဲ့အခါ စားသုံးသူ ထိခိုက်နစ်နာတဲ့အပေါ်မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေနဲ့ ငြိစွန်းတဲ့အတွက် အရေးယူလို့ရတယ်လို့ ကော်မရှင်ဒုဥက္ကဋ္ဌက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ယှဉ်ပြိုင်မှုကော်မရှင်ကို စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေကြောင့် တိုင်ကြားမှုပေါင်း ၁၀ မှုကျော်ရှိနေပြီး ကော်မရှင်ရဲ့ ညှိနှိုင်းပေးမှုကြောင့် ရုပ်သိမ်းလိုက်တဲ့အမှု ၃ မှုလောက် ရှိပါတယ်။