အဂတိလိုက်စားမှုဖြင့်အမှုဖွင့်ခံထားရသည့် ရေအားလျှပ်စစ် အရာရှိ ၂ ဦးကိုရုံးထုတ်
DVB
·
October 24, 2019
အဂတိလိုက်စားမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးချစ်တိုးနဲ့ ညွှန်ကြားရေးမှူး ဦးမင်းခိုင်တို့ကို အောက်တိုဘာ ၂၃ ရက်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ ရုံးထုတ်ပါတယ်။
တရားရုံးမှာအမှုနဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်အား စတင်စစ်ဆေးခဲ့ကာ နိုဝင်ဘာလ ၆ ရက်နေ့ကို ရုံးချိန်းခဲ့ပါတယ်။
အဆိုပါ အရာရှိနှစ်ဦးကို ရာထူးအာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားတာ ပေါ်ပေါက်တယ်ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်း၊ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းနဲ့ ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းတို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။