Homeမြန်မာသတင်း
လူထုဆန္ဒအတိုင်းလုပ်ဆောင်ပါက ရွေးကောက်ပွဲအနိုင်ရမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ခေါင်းဆောင်ပြော
လူထုဆန္ဒအတိုင်းလုပ်ဆောင်ပါက ရွေးကောက်ပွဲအနိုင်ရမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ခေါင်းဆောင်ပြော
DVB
·
October 23, 2019
ကချင်ပါတီအနေနဲ့ ကချင်ပြည်သူလူထုတွေရဲ့ ဆန္ဒအတိုင်းလုပ်ဆောင်ပါက ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောပါတယ်။
ကချင်နိုင်ငံရေးပါတီသုံးခုပေါင်းစည်းထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)ဟာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အောင်သပြေရပ်မှာ အောက်တိုဘာ ၁၈ ရက်က ရုံးခန်းနဲ့ ဒုတိယဆိုင်းဘုတ်တင်ပွဲ ပြုလုပ်စဉ် ပြောဆိုခဲ့တာပါ။
ဒေါက်တာတူးဂျာက “၂၀၂၀ မှာ ပြည်သူလူထုလိုလားတဲ့ ဆန္ဒအတိုင်း ပါတီ ၃ ခု ပေါင်းစည်းခဲ့တယ်။ ပေါင်းစည်းရေးမှာ မပါတဲ့ပါတီကို မဲမပေးဘူးဆိုတဲ့အထိ ပြောကြတယ်။ လူထုလိုလားတဲ့ ဆန္ဒအတိုင်း ဒီပါတီလုပ်ဆောင်နေတယ်လို့မြင်ရင် မလွဲမသွေ နိုင်သွားမယ်။ မူ၊ လူ၊ နည်းနာကို မှန်မှန်ကန်ကန် ချမှတ်ပြီးသွားမယ်ဆိုရင် ပြည်သူတွေမကြိုက်စရာ အကြောင်းမရှိဘူး။”လို့ ပြောပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ ကချင်ပြည်နယ် ၁၈ မြို့နယ်မှာ ဆိုင်းဘုတ်တင်ဖို့ စီစဉ်ထားပြီး ၁၄ မြို့နယ်မှာတင်ထားပြီးဖြစ်ပါတယ်။ ဆော့လော်၊ ချီဖွေ၊ တနိုင်း မြို့နယ်တွေသာ ပါတီဆိုင်ဘုတ်တင်ဖို့ကျန်ရှိကာ မိုးညှင်းမြို့နယ်အတွင်း ပါတီဝင်အင်အား လောလောဆယ် ၃၀၀ ကျော်ရှိပြီလို့ မိုးညှင်းမြို့နယ် ကချင်ပြည်နယ်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးလနန်နော်ဂျာက ပြောပါတယ်။
ကချင်ပြည်နယ်ပြည်သူ့ပါတီဟာ ရှေ့ဆက်ပြီး ကျေးရွာတွေအထိ ပါတီရုံးခန်းတွေ ဆက်လက် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
သတင်း- မုန်မုန်းမင်း