ဒီးမော့ဆို တောင်သူ ၃ ဦးကို အကျိုးဖျက်ဆီးမှုဥပဒေဖြင့် ဖမ်းဆီး
နော်နိုရင်း
·
October 21, 2019
ရာဇဝတ်မကင်းတဲ့ ကျူးကျော်ဝင်ရောက်မှု ပုဒ်မ ၄၄၇ နဲ့ တရားရင်ဆိုင်နေရတဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ကျေးရွာက တောင်သူ ၁၅ ဦးထဲက ၃ ဦးကို အကျိုးဖျက်ဆီးမှုဥပဒေ ပုဒ်မ ၆ (၁) နဲ့ ဒီကနေ့ ဖမ်းဆီးလိုက်တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။
တောင်သူ ၃ ဦးကို ဖမ်းဆီးပြီး လွိုင်ကော်ထောင်ကို ပို့ဆောင်ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
“သူတို့တရားစွဲတာက ရှိပြီးသားပေါ့။ ဒါပေမဲ့ အခုလို ဖမ်းတာက ပုဒ်မ ၆(၁)နဲ့ဖမ်းပြီးတော့ တရားစွဲတဲ့သဘောပဲ။ အဲဒီ ၃ ယောက်က ညားမာ၊ ခူးရီနဲ့စော်ရယ်။ အခုလောလောဆယ် သူတို့လည်း အဖမ်းခံရတယ်၊ မြေလည်းဆုံးရှုံးရတယ်၊ တရားလည်းစွဲခံရတယ်၊ အဘက်ဘက်မှာ ဖိနှိပ်ခံနေရတယ်ဆိုတော့ သူတို့ကတော့ ငိုကြွေးနေရတယ်ပေါ့။ ဝမ်းနည်းနေရတယ်ပေါ့။ အထူးသဖြင့် အမျိုးသမီး ၁ ဦးတည်း ဒီလိုဖြစ်သွားတော့ ဗမာစကားလည်းမတတ်ဖြစ်နေတော့ ပိုပြီးတော့ဆိုးသွားတာပေါ့။”
ဩဂုတ် ၂၆ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်တရားရုံးမှာ ပုဒ်မ ၄၄၇ နဲ့ တရားရင်ဆိုင်နေရတဲ့ ဒေါဆိုရှေ့ကျေးရွာက တောင်သူ ၁၅ ဦးထဲက တောင်သူ ၆ ဦးကို အမြောက်တပ်ရင်းအမှတ် ၃၆၀ က ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ဥပဒေပုဒ်မ ၆ (၁) နဲ့ ထပ်မံတရားစွဲ ဖမ်းဆီးခဲ့ပါတယ်။
ဒါ့ကြောင့် အမြောက်တပ်ရင်းအမှတ် ၃၆၀ ရဲ့ တရားစွဲဆိုမှုကြောင့် ဖမ်းဆီးခံရတဲ့ ဒေါဆိုရှေ့ကျေးရွာက တောင်သူစုစုပေါင်း ၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။
ဒီလိုတောင်သူတွေကို တရားစွဲဆိုတာဟာ ဌာနေတိုင်းရင်းသားအခွင့်အရေးကို ချိုးဖောက်တာလို့ ခူးတူရယ်က ဝေဖန်ပါတယ်။
“ဒါက ကျနော်တို့ရဲ့ ဌာနေတိုင်းရင်းသားတွေရဲ့အခွင့်အရေးကို တိုက်ရိုက်စော်ကားတာပဲပေါ့။ ကျနော်တို့ရဲ့ မသိနားမလည်မှုကို ဥပဒေနဲ့အနိုင်ကျင့်တာလို့ ကျနော်တို့ယူဆတယ်။ ဒါတွေကို လုံးဝမဖြစ်သင့်တဲ့ အရာတခုဖြစ်တယ်။ ဒါက ပြည်သူကို ခြိမ်းခြောက်တာ။ သက်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ ဒီပြည်နယ်ရဲ့မိဘတွေလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့လူတွေလည်း တောင်သူတွေအတွက် တစုံတရာညှိနှိုင်းဖြေရှင်းဖို့ လုပ်သင့်တယ်လို့ ကျနော်ယူဆပါတယ်။”
ကယားပြည်နယ်မှာ မြေယာကိစ္စနဲ့ပတ်သက်ပြီး တရားစွဲဆိုခံရတဲ့ ဒေသခံတောင်သူ ၂၀ လောက်ရှိပြီး ထောင်ချုပ်နဲ့တရားရင်ဆိုင်ရသူတဲ့တောင်သူ ၁၂ ယောက် ရှိနေပြီဖြစ်ပါတယ်။
ဒီတောင်သူတွေကိုတော့ လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ ရုံးထုတ်စစ်ဆေးဖို့ ရှိနေပါတယ်။