မန္တလေး-ညောင်ဦးအစုန်ရထား လမ်းချော်၊ ၁ ဦးသေဆုံး
DVB
·
October 21, 2019
မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်မှာ မနေ့က မန္တလေး-ညောင်ဦးအစုန်ရထား ရထားခေါင်းတွဲ လမ်းချော်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့ ၀၂း ၅၅ အချိန်က နွားထိုးကြီးမြို့နယ်၊ ငှက်ပျောအိုင်ကျေးရွာ အနီး မန္တလေး-ပုဂံ-ညောင်ဦး မီးရထားလမ်း မိုင်တိုင်(၃၉၈/၂၀-၂၂) ကြားမှာ ဦးအောင်နိုင်နှစ် မောင်းနှင်တဲ့ မန္တလေး-ညောင်ဦးအစုန်ရထားဟာ စက်ခေါင်းတွဲဘီးများပြုတ်ထွက်ပြီး လမ်းဝဲဘက်ကို စက်ခေါင်းတွဲနဲ့ တွဲ ၁ တွဲ လမ်းချော်ကျခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
အဆိုပါ လမ်းချော်မှုကြောင့် ခရီးသည်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ကိုကျော်ကျော်ဦး ၃၅ နှစ်နဲ့ ဦးအောင်နိုင်တို့ စက်ခေါင်းပေါ်က ပြုတ်ကျခဲ့တယ်လို့ ဆိုပါတယ်။
ကိုကျော်ကျော်ဦးက ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့ပြီး ဦးအောင်နိုင်ကတော့ ဝဲလက်ဖျံပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ )ရရှိခဲ့လို့ နွားထိုးကြီးပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
ရထားလမ်းချောပြီး လူသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး နွားထိုးကြီး မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁၀/၂၀၁၉) နဲ့ ရေးဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။